*#- ဒီစာအုပ်ဖတ်ရင်း မြန်မာစာရိုက်နည်း ကျင့်နေခြင်း ဖြစ်ပါသည်။ -#*
စာမျက်နှာ = ၁၄ - ၁၈

ငယ်စဉ်တုန်းက ကိုယ့်ကို အားပေးသည့် ပတ်ဝန်းကျင်မှာ ကြီးပြင်းရသည်။ ကိုယ့်ခြေထောက်ပေါ် ရပ်သည့်အချိန်ကျတော့ ပတ်ဝန်းကျင်က နှိပ်ကွပ်သည့် ပတ်ဝန်းကျင်ဖြစ်နေသည်။ သည်ပတ်ဝန်းကျင်မှာ အောင်မြင်ဖို့ မျှော်လင့်ချက်မှ ရှိပါသေးရဲ့လားဟု စဉ်းစား နောက်တွန့်ချင်စရာဖြစ်လာသည်။

မတွန့်ပါနှင့်။ မျှော်လင့်ချက်တွေ၊ အလားအလာတွေ အများကြီးရှိပါသေးသည်။ အရေးကြီးသည်က သင့်စိတ်ဓာတ်ဖြစ်သည်။

သူတစ်ပါးပြောသည့် အဖျက်စကားများကို သင်မှတ်သားနေစရာမလို။ ငါ့အဆင့်က ဒီလောက်ပဲရှိမှာပါ ဟူ၍ သူလိုငါလို အဆင့်အတန်းမှာ ငြိမ်သက်နေစရာမလို။ သူတစ်ပါးနှိပ်ကွပ်တိုင်း နိမ့်ကျသော ဘဝမှာ ခေါင်းငုံ့ခံနေစရာ မလို။

ပတ်ဝန်းကျင်မှာ မြေတောင်မြှောက်ပေးမည့်သူ၊ လက်တွဲခေါ်မည့်သူမရှိ လျှင်လည်း အရေးမကြီး။ အရေးကြီးသည်က သင့်ကိုယ်သင် အားကိုးရဖို့ဖြစ် သည်။

ကိုယ့်အားကိုယ်ကိုးစိတ် ဖြစ်ပေါ်ရန်အတွက် ရှေးဦးစွာ မိမိ၏ အရည်အချင်း အစွမ်းသတ္တိအပေါ်ယုံကြည်မှု ရှိရပေမည်။ မိမိကိုယ်ကို အားကိုး ယုံကြည်စိတ်ပြည့်ဝလာပြီဆိုလျှင်ကား အောင်မြင်မှုလမ်းစ ပေါ်သို့သင်ခြေချဖြစ်လေပြီ။

စင်စစ် မိမိကိုယ်ကို ယုံကြည်စိတ်သည် သင်၌ ငယ်စဉ်က ပြည့်ပြည့်ဝဝကြီး ရှိခဲ့ပြီးဖြစ်၏။ သင်၌ သူတစ်ပါးနှင့် မတူသည့် မည်သည့်အရည်အချင်းမျိုးတွေရှိကြောင်း သင်သိခဲ့မြင်ခဲ့ဖူး၏။ သင်သည်မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးဖြစ်ရမည်ဟု မျှော်မှန်းယုံကြည်ချက်လည်း သင်၌ ရှိခဲ့ဖူးပြီဖြစ်၏။ အကြောင်းကြောင်းကြောင့် တိမ်မြုပ်ပျောက်ကွယ်ခဲ့သည့် ထိုမူလ ရှိရင်းစွဲ မိမိကိုယ်ကို မိမိအားကိုးယုံကြည်စိတ်ကို ပြန်ဖော်ပေးနိုင်လျှင် သင်သည် ယုံကြည်စိတ် ပြည့်ဝကာ သွက်လက်ထက်မြက်သူတစ်ဦး ပြန်ဖြစ်လာပေမည်။

သည်အတွက် သင်သည်
- ငယ်စဉ် ကလေးဘဝက ရှိခဲ့သည့် စိတ်ကူးယဉ်အိပ်မက် မက်တတ်သည့် အလေ့အထကို ပြန်လည်မွေးမြူရလိမ့်မည်။
- ငါးကား သူတစ်ပါးနှင့်အတူ၊ မည်သို့ထူးရှားသောပုဂ္ဂိုလ် ဖြစ်သည်ဟူသော် ယုံကြည်ချက်ကို ပြန်လည်ပျိုးထောင်ရလိမ့်မည်။
- သင့်ကိုယ်သင် ထူးချွန်အောင်မြင်နေသူ တစ်ဦးအဖြစ်ပြန်လည်မြင်ယောင်ကြည့်တတ်ရလိမ့်မည်။

လူတို့ မအောင်မြင်ကြရသည့် အကြောင်းများအနက် အဓိက အကျဆုံးအချက်မှာ မိမိကိုယ်ကို အားကိုးယုံကြည်စိတ်နည်းပါးခြင်းဖြစ်သည်။ ငယ်စဉ်က ရှိခဲ့သည့် ယုံကြည်မှု စိတ်ဓာတ်ကို ပြန်လည်ရယူ ထူထောင်နိုင်လျှင် ယင်းစိတ်နှင့်အတူ ဘဝသည်လည်း ပြောင်းလဲတိုးတက်လာမည် ဖြစ်သည်။

တစ်ခါက ဖလော်ရီဒါပြည်နယ်ရှိ ကျွန်တော်တို့ ကုမ္ပဏီရုံးခွဲတစ်ခုသို့ လူတစ်ယောက် ရောက်လာ၏၊ သူသည် အေ၊ အယ်လ်၊ ဝီလျံ(စ)တွင် အလုပ်လုပ်လို၍ လာရောက်ခြင်းဖြစ်၏။ သူ၏ အသွင်အပြင်ကို ကြည့်လျှင် ဘာမျှ အထင်ကြီးစရာ အကြောင်းမရှိပေ။ သူ မောင်းလာသည့် ကားမှာ ထရပ်ကား ဟောင်းကြီးတစ်စီး ဖြစ်၏။ ရှပ်အင်္ကျီစင်းကျားနှင့် ဘောင်းဘီတို စင်းကျားကို ဝတ်ထား၏။ သို့သော် အင်္ကျီနှင့် ဘောင်းဘီမှာ အရောင်အသွေးချင်းကတော့ တခြားစီ ဖြစ်၏။ ထို့အပြင် အနီရဲရဲ ခြေအိတ်များ စွပ်လာ၏။ ရုံးတွင်လူတိုင်း လိုလိုက သူ့အား လှည့်ကြည့်ကြသည်။ ဘယ်က ငကြောင်ပါလိမ့်ဟု မေးငေါ့ကြသည်။

လုပ်ငန်းခွဲ မန်နေဂျာ အသီးသီးကလည်း သူ့အား အလုပ်ခန့်လိုစိတ် မရှိသဖြင့် ဟိုဘက်လွှဲ ဒီဘက်လွှဲ လွှဲနေကြသည်။ သည်လူ့ပုံစံနှင့် အာမခံလုပ်ငန်းတွင် အရောင်းကိုယ်စားလှယ် အဖြစ် အောင်မြင်နိုင်ရန် အကြောင်းမရှိဟု ယူဆကာ သူနှင့် အချိန်ကုန်ခံပြီး စကားပြောမနေချင်ကြ။

မည်သူကမျှ ပျူပျူငှာငှာ မရှိသော်လည်း သူကရုံးသို့ ဆက်၍ဆက်၍လာနေသည်။ သို့နှင့် နောက်ဆုံးတွင် ရုံးခွဲအကြီးအကဲဖြစ်သည့် ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌက သူ့ဇွဲကို အလျှော့ပေးကာ သူ့အား အလုပ်ခန့်လိုက်ရလေသည်။

သို့သော် ထိုသို့ အားနာပါးနာ ခန့်လိုက်ရသော ပုဂ္ဂိုလ်သည် ယခုအခါ၌သူကိုယ်တိုင်ပင် ကုမ္ပဏီ၏ ဒေသဆိုင်ဒုတိယဥက္ကဋ္ဌတစ်ဦး ဖြစ်ကာ တစ်လလျှင် ဒေါ်လာ ၁၀၀၀၀ခန့်မျှ ဝင်ငွေရလျက် ရှိပေပြီ။

စဉ်းစားကြည့်ပါ။ ပတ်ဝန်းကျင်က သူ့အား အောင်မြင်မည့်သူ မဟုတ်ဟု မြင်ခဲ့၏။ အဆင်အပြင်က အထင်ကြီးစရာမရှိ၊ ကားကလည်း လူမြင်မတင့်တယ်။

သို့သော် သူ့၌ အလွန်အဖိုးတန်သော အရည်အချင်းတစ်ခုရှိနေသည်။ ယင်းက ငါသည် ဤလုပ်ငန်းကို အောင်မြင်စွာ လုပ်ကိုင်နိုင်ရမည်ဟု စွဲမြဲယုံကြည်ထားသည့်စိတ် ဖြစ်သည်။ သူသည် အခက်အခဲကို တွန်းလှန်ကျော်လွှားနိုင်ရမည်၊ အလုပ်၌ ထူးချွန်အောင်မြင်ရမည် ဟူ၍လည်း သူယုံကြည်ထားသည်။ သူ့အတွက် သူတစ်ပါးတို့၏ အထင်အမြင်များသည် အရေးမကြီး။ သူတစ်ပါးတို့ သူ့အား ယုံကြည်မှုနည်းသည်ကို သူ သိသော် မြင်သော်လည်း စိတ်အားမငယ်၊ အလျှော့မပေး။

သူ့ယုံကြည်မှုဖြင့် သူသာ လုပ်စရာရှိသည်ကို ထက်သန်စွာ လုပ်ကိုင်သွားခဲ့သည်။ ထို့ကြောင့် နောက်ဆုံးတွင် အောင်မြင်မှုရလေသည်။ ၎င်းပုဂ္ဂိုလ် (ကလင်ဂင်ပီးလ်) သည် ယနေ့တိုင် ခြေအိတ်နီနီများကို စွပ်ထားဆဲဖြစ်သည်။ သို့သော် ယခုအခါ၌ သူ့ကိုကြည့်ပြီး ဘယ်သူကမျှ မရယ်မောကြတော့ပေ။

စာဖတ်သူ ငြင်းကောင်းငြင်းမည်။

'မင်းပြောတာတော့ လွယ်တာပေါ့ အာ့တ်ရာ၊ ဒါပေမဲ့ လက်တွေ့ဘဝဆိုတာ အဲသလိုတစ်ယောက်တလေ အောင်မြငါသွာတာမျိုးကို လိုက်ပြီး စိတ်ကူးယဉ်လို့မရဘူးကွ၊ အရှိကို အရှိအတိုင်း လက်ခံရတာပဲ၊ ဖြစ်သမျှအကြောင်းအကောင်းပေါ့ကွာ၊ တို့လိုလူမျိုးတွေ အနေနဲ့က အောင်မြင်ဖို့ မျှော်လင့်ချက် မရှိတော့ပါဘူး' ဟူ၍ ပြောကောင်းပြောပါမည်။

အဓိပ္ပာယ်မရှိတာ ဟူ၍ပဲ ကျွန်တော်ဆိုချင်သည်။ အရှိကို အရှိအတိုင်း ဆိုသည်မှာ ဘာကိုဆိုလိုသနည်း။ ဘာကြောင့်ကော ဖြစ်သမျှ အကြောင်းအကောင်းဖြစ်ရမှာနည်း။ ဒါတွေသည် စင်စစ် အရှုံးသမားတို့၏ စကားများသာဖြစ်သည်။ မိမိဘဝကို သူတစ်ပါး သတ်မှတ်သည့်ပုံစံအတိုင်း သို့မဟုတ် ကံကြမ္မာ စီမံသည့်အတိုင်းဟူ၍ တစ်ဖတ်သတ် ခံယူနေစရာမလို။ တွေ့ကြုံရသမျှ အခက်အခဲကို ရင်ဆိုင်တိုက်ဖျက်ရဲလျှင် ကိုယ့်ဘဝကို ကိုယ်လိုချင်သည့် ပုံစံအတိုင်းဖြစ်အောင် ဖန်တီးတည်ထောင်နိုင်မည်ဖြစ်သည်။

ကလပ်ဂင်ပီးလ်လို လူမျိုးသည် တစ်ယောက်တလေသာ ရှိသည်မဟုတ်။

ဂျယ်ရီဒန်ဆာကို ကြည့်ပါဦး။

ဂျယ်ရီသည် မွေးရာပါ အားကစားသမားတစ်ယောက်မဟုတ်။ သို့သော် နှစ်ရှည်လများ ကြိုးစားလေ့ကျင့်သဖြင့် သူသည် တက္ကဆပ်ပြည်နယ်ရှိ သူ့ဇာတိမြိုကလေးတွင် တစ်နှစ်အတွက် အထူးချွန်ဆုံးအားကစားသမားဆု ရရှိုသည် အထိ အောင်မြင်ခဲ့သည်။ အားကစား လူတော်များ မွေးမြူရန် လိုက်ရှာကြသည့် ကောလိပ်ကျောင်းကြီးများမှ ပုဂ္ဂိုလ်များက သူ့အား စိတ်ဝင်စားကြောင်းနှင့် စကောလားရှစ် ဆုကြေးအပြည့်ဖြင့် ကျောင်းတက်ခွင့်ရအောင် စီစဉ်ပေးရန် ဆန္ဒရှိကြောင်း ပြောဆိုကြသည်။ သူကလည်း ကောလိပ်တွင် ဘေ့စဘောသမားကောင်း တစ်ယောက် ဖြစ်အောင် လေ့လာဆည်းပူးမည်ဟု ရည်ရွယ်ထားရာ ထိုအချိန်အခါအဖို့မူ သူ့ဘဝသည် ကြံတိုင်းအောင် ဆောင်တိုင်းမြောက်သည့် အနေအထားမျိုးဟု ထင်မှတ်စရာ ဖြစ်နေပေသည်။

သို့သော် မကြာမီပင် တကယ့်ဘဝနှင့် နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်တွေ့ရတော့၏။ စကောလားရှစ် ဆုကြေးအပြည့်ဖြင့် တက်ခွင့်မရဘဲ တစ်စိတ် တစ်ဒေသဖြင့် တက်လိုက တက်ပါဟူသော ကမ်းလှမ်းချက်မျိုးသာ သူရလာသည်။ ထိုဆုကြေးဖြင့် ကျောင်းစရိတ် မလုံလောက်။ လိုငွေကို အိမ်ကလည်း ဖြည့်မပေးနိုင်။ သို့သော် အဆင်မပြေသည့်ကြားထဲက သူကြံဖန်ပြီး ကျောင်းတက်သည်။ သို့သော် ကျောင်းစာကို အာရုံအပြည့်မစိုက်နိုင်သဖြင့် အခက်အခဲတွေ ကြုံလာရပြီး နောက်ဆုံးတွင် ကောလိပ်ကျောင်းမှ ထွက်လာခဲ့ရသည်။ ဇာတိမြို့သို့ ပြန်လာကာ သူ့အဖေနှင့်အတူ ဓာတုပစ္စည်း ကုမ္ပဏီတွင် အလုပ်လုပ်ရသည်။

ဂျယ်ရီသည် သူ့အဖြစ်အပျက်များကို ပြန်လှန်သုံးသပ်ကာ ငါ့ဘဝကတော့သွားပြီဟု မြင်ခဲ့သည်။ သူ့မှာ ကောလိပ်ဒီဂရီ မရှိ။ နာမည်ကျော် ဘေ့စဘော သမားမဖြစ်။ ဆရာဝန်လည်း မဖြစ်။ သူ့စိတ်၌ သူသည် အလကားကောင် တစ်ကောင် ဖြစ်၍နေပေသည်။

တစ်နည်းပြောရလျှင် ဂျယ်ရီသည် လက်မြှောက်လိုက်ခြင်း ဖြစ်သည်။ သူနောက်ထပ် မကြိုးစားတော့။ ဆက်လက်ယှဉ်ပြိုင်ခြင်းလည်း မပြုတော့။

တစ်နေ့တွင် ဂျယ်ရီသည် ကျွန်တော်တို့ ကုမ္ပဏီမှ ပုဂ္ဂိုလ်တစ်ယောက်နှင့်တွေ့၏။ ၎င်းပုဂ္ဂိုလ်က ဂျယ်ရီသည် ကျွန်တော်တို့ လုပ်ငန်းတွင် အလွန်တန်ဖိုးရှိသူ တစ်ယောက်ဖြစ်လာနိုင်သည်ဟု မြင်၏။ သို့သော် ဂျယ်ရီက စိတ်မဝင်စား။ ကုမ္ပဏီကို အနည်းအကျင်း အကဲခတ်သည်။ ထို့နောက် ကျွန်တော်တို့ အလုပ်ကို သူငြင်းခဲ့သည်။ သူ့အနေနှင့် တစ်စုံတစ်ရာဖြစ်မြောက်အောင်မြင်လာနိုင်သည် ဟု မယုံကြည်သည့်သဘော ဖြစ်သည်။

ကိုးလတိတိ ငြင်းပယ်နေခဲ့ပြီးသည်နောက်တွင် ဂျယ်ရီ့ ရင်ထဲတွင် သူ့ကိုယ်သူ ယုံကြည်မှု စိတ်ဓာတ်ကလေးများ ပြန်လည်နိုးထ လှုပ်ရှားလာသည်။ စမ်းလုပ်ကြည့်လျှင် အောင်မြင်ချင်လည်း အောင်မြင်မှာပေါ့၊ ဒါဟာ ငါ့အတွက် အောင်မြင်မှု လမ်းစ ဖြစ်လာနိုင်တယ် စသည်ဖြင့် တွေးမိလာသည်။ သို့နှင့်နောက်ဆုံးတွင် ကျွန်တော်တို့ ကုမ္ပဏီအလုပ်ကို လက်ခံပြီး ကြိုးစားလုပ်ကိုင်ကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။

ထိုဆုံးဖြတ်ချက်သည် သူ့ဘဝကို လုံးလုံးလျားလျား ပြောင်းလဲပစ်လိုက်ပေသည်။ ယနေ့ ဂျယ်ရီသည် အရောင်းဌာန၏ နိုင်ငံလုံးဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်နေချေပြီ။ သူ့ ရာထူးမှာ ကျွန်တော်တို့ ကုမ္ပဏီ၏ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အမြင့်ဆုံးရာထူးတစ်ခု ဖြစ်သည်။ သူသည် ဧရာမ လုပ်ငန်းဌာနကြီးတစ်ခုကို စီမံခန်ခွဲနေရပြီး သူ၏ နေထိုင်မှူအဆင့်အတန်းမှာလည်း ဓာတုပစ္စည်းကုမ္ပဏီလုပ်သားဘဝနှင့် ကွာချင်တိုင်း ကွာခြားသွားခဲ့ပြီဖြစ်သည်။

သူ့ဘဝကို ပြန်၍ ငဲ့စောင်းကြည့်လျှင် ကံပေးသမျှ ဟူသော အတွေးမျိုးဖြင့် လက်မြှောက်အရှုံးပေးထားသည့် အနေအထားမှနေ၍ ယုံကြည်စိတ်ကလေးပြန်လည်နိုးကြားလာသဖြင့် ဘဝတက်လမ်းပွင့်လာခြင်းဖြစ်ကြောင်း ရှင်းရှင်းကြီးမြင်နိုင်မည်ဖြစ်သည်။

လူတိုင်းပင် ဂျယ်ရီကဲ့သို့ လှပသော ဘဝမျိုးသာ တည်ဆောက်ချင်ကြကြောင်း ကျွန်တော်တို့အားလုံး သိကြပါ၏။ လူတိုင်းပင်အောင်မြင်မှုကိုလိုလားသည်။ လူတိုင်းပင် စီးပွားရေး အခြေခိုင်ချင်သည်။ လူတိုင်းပင် အောင်မြင်သော လုပ်ငန်းရှင် ဖြစ်ချင်သည်။ သို့သော် ဖြစ်ချင်ရုံသက်သက်ဖြင့် မပြီး။ လိုချင်တာ ကိုရအောင်ပြိုင်ယူဆိုင်ယူ တိုက်ယူရပေမည်။

2 comments:

SOE ZEYA said...

အစ်မက မြန်မာဘလော့စရေး နေပြီပဲ

Anonymous said...

Please pass this on.

Gather up lots of food in the coming days and organize everyone not to go to work (that means everyone). Tell the protest leaders.