ဟန်နီ ရေ...

ပင်လယ်စာတွေကို ကျွန်မကအရမ်းကြိုက်တာ။ ငါး၊ ပုစွန်၊ ကဏန်း၊ ဂုန်း၊ စကွစ်ဒ်၊ အောက်တိုပတ်စ်၊ ဆီးဝီးဒ် ကျောက်ပွင့်သုပ် စသည်စသည် အကုန်ကြိုက်တယ်။ ကျွန်မ အမေက ဟင်းချက်လဲကောင်းတယ်၊ အစားလဲပုတ်တယ်၊ ထွတ်ကယ်ညှက်ကယ်လဲ အရမ်းလုပ်စားဖို့ဝါသနာပါတော့ ဟင်းမျိုးစုံ အမြဲစားရတယ်။ ဒီနေ့ ဈေးကနေ ကရုကမာ တွေဝယ်လာပီး ညနေစာချက်ထားတယ်။ အဲဒီ ဟင်းကို ကျွန်မအရမ်းကြိုက်တယ်။

အမေက ကျွန်မကြိုက်မှန်းသိလို့ ချက်အပီး လာမြည်းခိုင်းတယ်။ ကျွန်မကလဲ ကြိုက်တဲ့ ဟင်းအမြည်းခိုင်းရင် ဟင်းအိုးတဝက် အကုန်လောက်မြည်းတတ်တယ်။ အမေက မစုမြည်းတာတော်ပီ အမြဲ ဟန့်ရတယ်။ ဒီတခါလဲ ဟင်းအိုးနားက ရစ်သီရစ်သီနဲ့ မခွာနိုင်ဘူး။ အမေ အလှစ်မှာ ခိုးစားဖို့ လက်ကလဲ မြန်ပီးသား။ ၃ခါလောက် ခိုးစားပီတော့ အမေက အမြင်ကပ်လာပါလေရော။

မစု နင် ခိုးစားနေပြန်ပီ မိုလား။ နင်တော့ လွန်လွန်းပီနော်၊ နင့်ဝေစု ကုန်ပီ၊ ထမင်းစားရင် မရတော့ဘူး ဆိုတယ်။ ကျွန်မကလဲ မနေနိုင်ဘူး၊ တစ်ခုထဲပါဆိုပီး ထပ်နှိုက်စားတာပဲ။ နောက်ဆုံးတော့ အမေက ထအော်ပါလေရော။ နင်တော့သေတော့မယ်၊ လာခဲ့စမ်း နောက်တခါ လာစားလို့ကတော့၊ အဲဒီ ပြဲနေတဲ့ မျက်နှာကို ပိုပြားသွားအောင် ဖိနှောက်နဲ ပေါက်ပီသာမှတ် လို့ကြိမ်းတယ်။ ကျွန်မကလဲ နဲနဲ အချိုသွေးရတာပေါ့နော၊ အော် မေကြီးကလဲ သမီးတယောက်ထဲရှိတာ (မောင်နဲ့၊ ညီမနဲ့ကို စရင်းမသွင်းဘူး၊ မေ့ထားလိုက်)၊ ကျွေးလို့ရတုန်း ကျွေးစမ်းပါ၊ နောက် ကျွေးချင်ပါတယ်ဆိုမှ ကျွေးလို့မရတဲ့ အခါကျမှ ထိုင်မငိုမနေနဲနောလို့။ အမေကလဲ အမလေး ဝေးသေး၊ ဝေးသေး ဆိုပီး သူတပြန် ကိုယ်တပြန် ပြန်ပြောနေကျတာပေါ့ မီးဖိုချောင်မှာ။

အဲဒါနဲ့ အိမ်ရှေ့ထိုင်နေတဲ အဖေက ကြားဝင်လှမ်းပြောပေးပါလေရော။ အော် မိန်းမရယ်၊ သူစားချင်တာ ကြွေးလိုက်စမ်းပါ။ ငါတို့မှာ ဒီ ဟန်နီ သမီးတယောက်ပဲ ကျွေးဖို့ရှိတာ၊ ဟိုကောင် (အငယ်ကောင်) က အဲဒီဟင်း မကြိုက်ဘူး မိုလား။ ကဲကဲ ဟန်နီ ကို ကျွေးလိုက်။ အမေက ဘယ်က ဟန်နီလဲ လို့မေးရော၊ အဖေက - အော် သူများတွေမှာ သူတို့သားသမီးတွေကို ချစ်စနိုး နာမည်လှလှ တပ်ခေါ်ကြတယ်မိုလား၊ မစု ခေါ်တာထက်စာရင် ဟန်နီလို့ ခေါ်တာပိုမကောင်းဘူးလားလို့။

အမေက ခပ်ရိုးရိုး အတွန့်တက် တယ်။ အဖေ့ ဘယ့်နဲ့ ဟန်နီက ဟို ဦးဝှာ သမီးရဲ့ နာမည်လေ ဆိုပီး အဲဒီနာမည် သူများယူပီးကြောင်း အသိပေးတယ်။ အဖေက အိုး ဘာဖြစ်လဲ နာမည်တူ တွေအများကြီး ကိုယ့်သမီးကိုယ် ပေးချင်တဲ့ နာမယ်ပေးတာပေါ့ ဆိုတယ်။

ကျွန်မက စဉ်းစားတယ်၊ အင်း မဟုတ်သေးဘူး အဖေ ဒီလောက်အတင်းကြီး အင်စစ် နေရင် အကောင်းပြောတာ မဖြစ်နိုင်တော့ဘူး ဆိုပီး၊ မေကြီး သွားငြင်းမနေနဲ့ဦး ဘာပြောတာလဲမသိဘူး၊ တခုခုတော့တခုခုပဲလို့ အမေကို ပြန်စဉ်းစားဖို့ ဟန့်လိုက်တယ်။ အဲဒီတော့မှ အဖေက အော် နာမယ် လေးက အရမ်းလှ၊ လူနဲလဲ လိုက်မှလိုက် ပဲ။ သူကို ခေါ်ရင် ဟန်နီရေ......လို့သာခေါ်လိုက် ဆိုသတဲ့။ ကျွန်မကလဲ အဖေ ဘာရွဲ့ပြောနေလဲ ခေါင်းထဲမှာ အကြီးအကျယ်စဉ်းစားပါလေရော။

အတော်နေမှ အဖေက ရှင်းတယ်။ ဟန်နီနာမယ် က တော်တော်လှတာနော၊ အင်္ဂလိပ်လို အသံလေးကလဲကောင်း....ဗမာပြန် အဓိပ်ပါယ်လေးကလဲ ကောင်းနဲ....ကောင်းမှကောင်းပဲ ဆိုမှ၊ ကျွန်မခေါင်ထဲ တိန်ကနဲ မီးလင်းသွားတော့တယ်။

ပီးမှ ကောင်းကောင်းထိုင်ရီပါလေရော။ အမေက သဘောမပေါက်သေးပဲ ဘာလဲဘာလဲ လာမေးတယ်။ ကျွန်မကပြန်ရှင်းပြရတယ်၊ ဟန်နီ ကို မြန်မာလိုပြန်တော့ ပျားရည်လို့ ထွက်တယ်မို့လား။ ဟန်နီရေ........လို့ ခေါ်တော့၊ ပြားရေ......လို့ခေါ်တာနဲတူတူပဲပေါ့။

အဖေက ကျွန်မကို သက်သက်နှိပ်လိုက်တာ။ စောနက အမေက ကျွန်မ မျက်နှာ ပြဲပြဲ ကို ပို ပြားအောင် ဖိနှောက်နဲ ပေါက်မယ်လို့ ပြောတာကို အစကောက်ပီး နောက်လိုက်တာလို့ဆိုမှ အမေလဲသဘောပေါက်ပီး သူထောက်ခံကြောင်း၊ အဲဒီနာမယ်ကောင်းကြောင်း၊ ကျွန်မနဲ သင့်တော်ကြောင်း၊ အဖေနာမယ်ရွေးတော်ကြောင်း၊ သူလဲ ဒီနာမယ် စခေါ်မယ် ဖြစ်ကြောင်း စသည်စသည် သြောဘာ ပေးတယ်။

ကျွန်မလဲ ဘာပြန်ပြောရမှန်း မသိတော့တာနဲ့၊ ယူ ပီးပဲလ် ဒုန့် အင်ဆော့ မီ၊ လို့အော်ဟစ်ပီး၊ ဟင်း ထပ်ခိုးစားဖို့ အကြံပါ ဖြတ်ပီး အိမ်ထဲ ဝင်ပြေးရတယ်။ ကျွန်မ ရဲ့ မျက်နှာ ပြဲပြဲ၊ နှခေါင်း ပြားပြား၊ ခေါင်းခေါင်း ပြားပြား၊ ကိုယ်လုံး ပြားပြား အင်္ဂါကို အမြဲလာလာ ခလုတ်တိုက် တာခံရတယ်။ ဒီတခါ ခလုတ်တိုက်တာကိုတော့ တော်တော်စဉ်းစားယူလိုက်ရတယ်။

အဲဒီက စပီး ကျွန်မနားမှာ ဟန်နီ ခေါ်သံကြားမိတိုင်း၊ ခေါ်တဲ့လူကို မျက်စောင်း တချက် ကောင်းကောင်း အထိုးခံရပီသာမှတ်။

3 comments:

thownnya said...

ဟန်နီလို. ............
ခေါ်တော.ဘူးလို.ပြောတာနော်
ဟဲ ဟဲ နော်တာနော် .....
အဲလို post လေးတွေကိုမျှော်နေတာကြာပြီ ....
stress တွေလျော.သွားလို.ကျေးဇူးတင်ပါတယ်
ဒီ site ကိုနေ.စဉ်အလည်လာနေသူတစ်ယောက်ပါ

NoVeMbeR said...

စာလာဖတ်သွားပါတယ်။ ပို့စ်တွေ အကုန် (အင်္ဂလိပ်လိုရော မြန်မာလိုရော ) နှစ်သက်ပါတယ်။အင်္ဂလိပ်လိုရေးတဲ့ အရေးအသားတွေကိုလဲ အတုယူနေပါတယ် ။အားပေးနေပါတယ် :)

Steve Evergreen said...

sorry, I thought you have done EOT. But only squares on IE of my hospital computer.