*#- ဒီစာအုပ်ဖတ်ရင်း မြန်မာစာရိုက်နည်း ကျင့်နေခြင်း ဖြစ်ပါသည်။ -#*
စာမျက်နှာ = ၁၄ - ၁၈

ငယ်စဉ်တုန်းက ကိုယ့်ကို အားပေးသည့် ပတ်ဝန်းကျင်မှာ ကြီးပြင်းရသည်။ ကိုယ့်ခြေထောက်ပေါ် ရပ်သည့်အချိန်ကျတော့ ပတ်ဝန်းကျင်က နှိပ်ကွပ်သည့် ပတ်ဝန်းကျင်ဖြစ်နေသည်။ သည်ပတ်ဝန်းကျင်မှာ အောင်မြင်ဖို့ မျှော်လင့်ချက်မှ ရှိပါသေးရဲ့လားဟု စဉ်းစား နောက်တွန့်ချင်စရာဖြစ်လာသည်။

မတွန့်ပါနှင့်။ မျှော်လင့်ချက်တွေ၊ အလားအလာတွေ အများကြီးရှိပါသေးသည်။ အရေးကြီးသည်က သင့်စိတ်ဓာတ်ဖြစ်သည်။

သူတစ်ပါးပြောသည့် အဖျက်စကားများကို သင်မှတ်သားနေစရာမလို။ ငါ့အဆင့်က ဒီလောက်ပဲရှိမှာပါ ဟူ၍ သူလိုငါလို အဆင့်အတန်းမှာ ငြိမ်သက်နေစရာမလို။ သူတစ်ပါးနှိပ်ကွပ်တိုင်း နိမ့်ကျသော ဘဝမှာ ခေါင်းငုံ့ခံနေစရာ မလို။

ပတ်ဝန်းကျင်မှာ မြေတောင်မြှောက်ပေးမည့်သူ၊ လက်တွဲခေါ်မည့်သူမရှိ လျှင်လည်း အရေးမကြီး။ အရေးကြီးသည်က သင့်ကိုယ်သင် အားကိုးရဖို့ဖြစ် သည်။

ကိုယ့်အားကိုယ်ကိုးစိတ် ဖြစ်ပေါ်ရန်အတွက် ရှေးဦးစွာ မိမိ၏ အရည်အချင်း အစွမ်းသတ္တိအပေါ်ယုံကြည်မှု ရှိရပေမည်။ မိမိကိုယ်ကို အားကိုး ယုံကြည်စိတ်ပြည့်ဝလာပြီဆိုလျှင်ကား အောင်မြင်မှုလမ်းစ ပေါ်သို့သင်ခြေချဖြစ်လေပြီ။

စင်စစ် မိမိကိုယ်ကို ယုံကြည်စိတ်သည် သင်၌ ငယ်စဉ်က ပြည့်ပြည့်ဝဝကြီး ရှိခဲ့ပြီးဖြစ်၏။ သင်၌ သူတစ်ပါးနှင့် မတူသည့် မည်သည့်အရည်အချင်းမျိုးတွေရှိကြောင်း သင်သိခဲ့မြင်ခဲ့ဖူး၏။ သင်သည်မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးဖြစ်ရမည်ဟု မျှော်မှန်းယုံကြည်ချက်လည်း သင်၌ ရှိခဲ့ဖူးပြီဖြစ်၏။ အကြောင်းကြောင်းကြောင့် တိမ်မြုပ်ပျောက်ကွယ်ခဲ့သည့် ထိုမူလ ရှိရင်းစွဲ မိမိကိုယ်ကို မိမိအားကိုးယုံကြည်စိတ်ကို ပြန်ဖော်ပေးနိုင်လျှင် သင်သည် ယုံကြည်စိတ် ပြည့်ဝကာ သွက်လက်ထက်မြက်သူတစ်ဦး ပြန်ဖြစ်လာပေမည်။

သည်အတွက် သင်သည်
- ငယ်စဉ် ကလေးဘဝက ရှိခဲ့သည့် စိတ်ကူးယဉ်အိပ်မက် မက်တတ်သည့် အလေ့အထကို ပြန်လည်မွေးမြူရလိမ့်မည်။
- ငါးကား သူတစ်ပါးနှင့်အတူ၊ မည်သို့ထူးရှားသောပုဂ္ဂိုလ် ဖြစ်သည်ဟူသော် ယုံကြည်ချက်ကို ပြန်လည်ပျိုးထောင်ရလိမ့်မည်။
- သင့်ကိုယ်သင် ထူးချွန်အောင်မြင်နေသူ တစ်ဦးအဖြစ်ပြန်လည်မြင်ယောင်ကြည့်တတ်ရလိမ့်မည်။

လူတို့ မအောင်မြင်ကြရသည့် အကြောင်းများအနက် အဓိက အကျဆုံးအချက်မှာ မိမိကိုယ်ကို အားကိုးယုံကြည်စိတ်နည်းပါးခြင်းဖြစ်သည်။ ငယ်စဉ်က ရှိခဲ့သည့် ယုံကြည်မှု စိတ်ဓာတ်ကို ပြန်လည်ရယူ ထူထောင်နိုင်လျှင် ယင်းစိတ်နှင့်အတူ ဘဝသည်လည်း ပြောင်းလဲတိုးတက်လာမည် ဖြစ်သည်။

တစ်ခါက ဖလော်ရီဒါပြည်နယ်ရှိ ကျွန်တော်တို့ ကုမ္ပဏီရုံးခွဲတစ်ခုသို့ လူတစ်ယောက် ရောက်လာ၏၊ သူသည် အေ၊ အယ်လ်၊ ဝီလျံ(စ)တွင် အလုပ်လုပ်လို၍ လာရောက်ခြင်းဖြစ်၏။ သူ၏ အသွင်အပြင်ကို ကြည့်လျှင် ဘာမျှ အထင်ကြီးစရာ အကြောင်းမရှိပေ။ သူ မောင်းလာသည့် ကားမှာ ထရပ်ကား ဟောင်းကြီးတစ်စီး ဖြစ်၏။ ရှပ်အင်္ကျီစင်းကျားနှင့် ဘောင်းဘီတို စင်းကျားကို ဝတ်ထား၏။ သို့သော် အင်္ကျီနှင့် ဘောင်းဘီမှာ အရောင်အသွေးချင်းကတော့ တခြားစီ ဖြစ်၏။ ထို့အပြင် အနီရဲရဲ ခြေအိတ်များ စွပ်လာ၏။ ရုံးတွင်လူတိုင်း လိုလိုက သူ့အား လှည့်ကြည့်ကြသည်။ ဘယ်က ငကြောင်ပါလိမ့်ဟု မေးငေါ့ကြသည်။

လုပ်ငန်းခွဲ မန်နေဂျာ အသီးသီးကလည်း သူ့အား အလုပ်ခန့်လိုစိတ် မရှိသဖြင့် ဟိုဘက်လွှဲ ဒီဘက်လွှဲ လွှဲနေကြသည်။ သည်လူ့ပုံစံနှင့် အာမခံလုပ်ငန်းတွင် အရောင်းကိုယ်စားလှယ် အဖြစ် အောင်မြင်နိုင်ရန် အကြောင်းမရှိဟု ယူဆကာ သူနှင့် အချိန်ကုန်ခံပြီး စကားပြောမနေချင်ကြ။

မည်သူကမျှ ပျူပျူငှာငှာ မရှိသော်လည်း သူကရုံးသို့ ဆက်၍ဆက်၍လာနေသည်။ သို့နှင့် နောက်ဆုံးတွင် ရုံးခွဲအကြီးအကဲဖြစ်သည့် ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌက သူ့ဇွဲကို အလျှော့ပေးကာ သူ့အား အလုပ်ခန့်လိုက်ရလေသည်။

သို့သော် ထိုသို့ အားနာပါးနာ ခန့်လိုက်ရသော ပုဂ္ဂိုလ်သည် ယခုအခါ၌သူကိုယ်တိုင်ပင် ကုမ္ပဏီ၏ ဒေသဆိုင်ဒုတိယဥက္ကဋ္ဌတစ်ဦး ဖြစ်ကာ တစ်လလျှင် ဒေါ်လာ ၁၀၀၀၀ခန့်မျှ ဝင်ငွေရလျက် ရှိပေပြီ။

စဉ်းစားကြည့်ပါ။ ပတ်ဝန်းကျင်က သူ့အား အောင်မြင်မည့်သူ မဟုတ်ဟု မြင်ခဲ့၏။ အဆင်အပြင်က အထင်ကြီးစရာမရှိ၊ ကားကလည်း လူမြင်မတင့်တယ်။

သို့သော် သူ့၌ အလွန်အဖိုးတန်သော အရည်အချင်းတစ်ခုရှိနေသည်။ ယင်းက ငါသည် ဤလုပ်ငန်းကို အောင်မြင်စွာ လုပ်ကိုင်နိုင်ရမည်ဟု စွဲမြဲယုံကြည်ထားသည့်စိတ် ဖြစ်သည်။ သူသည် အခက်အခဲကို တွန်းလှန်ကျော်လွှားနိုင်ရမည်၊ အလုပ်၌ ထူးချွန်အောင်မြင်ရမည် ဟူ၍လည်း သူယုံကြည်ထားသည်။ သူ့အတွက် သူတစ်ပါးတို့၏ အထင်အမြင်များသည် အရေးမကြီး။ သူတစ်ပါးတို့ သူ့အား ယုံကြည်မှုနည်းသည်ကို သူ သိသော် မြင်သော်လည်း စိတ်အားမငယ်၊ အလျှော့မပေး။

သူ့ယုံကြည်မှုဖြင့် သူသာ လုပ်စရာရှိသည်ကို ထက်သန်စွာ လုပ်ကိုင်သွားခဲ့သည်။ ထို့ကြောင့် နောက်ဆုံးတွင် အောင်မြင်မှုရလေသည်။ ၎င်းပုဂ္ဂိုလ် (ကလင်ဂင်ပီးလ်) သည် ယနေ့တိုင် ခြေအိတ်နီနီများကို စွပ်ထားဆဲဖြစ်သည်။ သို့သော် ယခုအခါ၌ သူ့ကိုကြည့်ပြီး ဘယ်သူကမျှ မရယ်မောကြတော့ပေ။

စာဖတ်သူ ငြင်းကောင်းငြင်းမည်။

'မင်းပြောတာတော့ လွယ်တာပေါ့ အာ့တ်ရာ၊ ဒါပေမဲ့ လက်တွေ့ဘဝဆိုတာ အဲသလိုတစ်ယောက်တလေ အောင်မြငါသွာတာမျိုးကို လိုက်ပြီး စိတ်ကူးယဉ်လို့မရဘူးကွ၊ အရှိကို အရှိအတိုင်း လက်ခံရတာပဲ၊ ဖြစ်သမျှအကြောင်းအကောင်းပေါ့ကွာ၊ တို့လိုလူမျိုးတွေ အနေနဲ့က အောင်မြင်ဖို့ မျှော်လင့်ချက် မရှိတော့ပါဘူး' ဟူ၍ ပြောကောင်းပြောပါမည်။

အဓိပ္ပာယ်မရှိတာ ဟူ၍ပဲ ကျွန်တော်ဆိုချင်သည်။ အရှိကို အရှိအတိုင်း ဆိုသည်မှာ ဘာကိုဆိုလိုသနည်း။ ဘာကြောင့်ကော ဖြစ်သမျှ အကြောင်းအကောင်းဖြစ်ရမှာနည်း။ ဒါတွေသည် စင်စစ် အရှုံးသမားတို့၏ စကားများသာဖြစ်သည်။ မိမိဘဝကို သူတစ်ပါး သတ်မှတ်သည့်ပုံစံအတိုင်း သို့မဟုတ် ကံကြမ္မာ စီမံသည့်အတိုင်းဟူ၍ တစ်ဖတ်သတ် ခံယူနေစရာမလို။ တွေ့ကြုံရသမျှ အခက်အခဲကို ရင်ဆိုင်တိုက်ဖျက်ရဲလျှင် ကိုယ့်ဘဝကို ကိုယ်လိုချင်သည့် ပုံစံအတိုင်းဖြစ်အောင် ဖန်တီးတည်ထောင်နိုင်မည်ဖြစ်သည်။

ကလပ်ဂင်ပီးလ်လို လူမျိုးသည် တစ်ယောက်တလေသာ ရှိသည်မဟုတ်။

ဂျယ်ရီဒန်ဆာကို ကြည့်ပါဦး။

ဂျယ်ရီသည် မွေးရာပါ အားကစားသမားတစ်ယောက်မဟုတ်။ သို့သော် နှစ်ရှည်လများ ကြိုးစားလေ့ကျင့်သဖြင့် သူသည် တက္ကဆပ်ပြည်နယ်ရှိ သူ့ဇာတိမြိုကလေးတွင် တစ်နှစ်အတွက် အထူးချွန်ဆုံးအားကစားသမားဆု ရရှိုသည် အထိ အောင်မြင်ခဲ့သည်။ အားကစား လူတော်များ မွေးမြူရန် လိုက်ရှာကြသည့် ကောလိပ်ကျောင်းကြီးများမှ ပုဂ္ဂိုလ်များက သူ့အား စိတ်ဝင်စားကြောင်းနှင့် စကောလားရှစ် ဆုကြေးအပြည့်ဖြင့် ကျောင်းတက်ခွင့်ရအောင် စီစဉ်ပေးရန် ဆန္ဒရှိကြောင်း ပြောဆိုကြသည်။ သူကလည်း ကောလိပ်တွင် ဘေ့စဘောသမားကောင်း တစ်ယောက် ဖြစ်အောင် လေ့လာဆည်းပူးမည်ဟု ရည်ရွယ်ထားရာ ထိုအချိန်အခါအဖို့မူ သူ့ဘဝသည် ကြံတိုင်းအောင် ဆောင်တိုင်းမြောက်သည့် အနေအထားမျိုးဟု ထင်မှတ်စရာ ဖြစ်နေပေသည်။

သို့သော် မကြာမီပင် တကယ့်ဘဝနှင့် နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်တွေ့ရတော့၏။ စကောလားရှစ် ဆုကြေးအပြည့်ဖြင့် တက်ခွင့်မရဘဲ တစ်စိတ် တစ်ဒေသဖြင့် တက်လိုက တက်ပါဟူသော ကမ်းလှမ်းချက်မျိုးသာ သူရလာသည်။ ထိုဆုကြေးဖြင့် ကျောင်းစရိတ် မလုံလောက်။ လိုငွေကို အိမ်ကလည်း ဖြည့်မပေးနိုင်။ သို့သော် အဆင်မပြေသည့်ကြားထဲက သူကြံဖန်ပြီး ကျောင်းတက်သည်။ သို့သော် ကျောင်းစာကို အာရုံအပြည့်မစိုက်နိုင်သဖြင့် အခက်အခဲတွေ ကြုံလာရပြီး နောက်ဆုံးတွင် ကောလိပ်ကျောင်းမှ ထွက်လာခဲ့ရသည်။ ဇာတိမြို့သို့ ပြန်လာကာ သူ့အဖေနှင့်အတူ ဓာတုပစ္စည်း ကုမ္ပဏီတွင် အလုပ်လုပ်ရသည်။

ဂျယ်ရီသည် သူ့အဖြစ်အပျက်များကို ပြန်လှန်သုံးသပ်ကာ ငါ့ဘဝကတော့သွားပြီဟု မြင်ခဲ့သည်။ သူ့မှာ ကောလိပ်ဒီဂရီ မရှိ။ နာမည်ကျော် ဘေ့စဘော သမားမဖြစ်။ ဆရာဝန်လည်း မဖြစ်။ သူ့စိတ်၌ သူသည် အလကားကောင် တစ်ကောင် ဖြစ်၍နေပေသည်။

တစ်နည်းပြောရလျှင် ဂျယ်ရီသည် လက်မြှောက်လိုက်ခြင်း ဖြစ်သည်။ သူနောက်ထပ် မကြိုးစားတော့။ ဆက်လက်ယှဉ်ပြိုင်ခြင်းလည်း မပြုတော့။

တစ်နေ့တွင် ဂျယ်ရီသည် ကျွန်တော်တို့ ကုမ္ပဏီမှ ပုဂ္ဂိုလ်တစ်ယောက်နှင့်တွေ့၏။ ၎င်းပုဂ္ဂိုလ်က ဂျယ်ရီသည် ကျွန်တော်တို့ လုပ်ငန်းတွင် အလွန်တန်ဖိုးရှိသူ တစ်ယောက်ဖြစ်လာနိုင်သည်ဟု မြင်၏။ သို့သော် ဂျယ်ရီက စိတ်မဝင်စား။ ကုမ္ပဏီကို အနည်းအကျင်း အကဲခတ်သည်။ ထို့နောက် ကျွန်တော်တို့ အလုပ်ကို သူငြင်းခဲ့သည်။ သူ့အနေနှင့် တစ်စုံတစ်ရာဖြစ်မြောက်အောင်မြင်လာနိုင်သည် ဟု မယုံကြည်သည့်သဘော ဖြစ်သည်။

ကိုးလတိတိ ငြင်းပယ်နေခဲ့ပြီးသည်နောက်တွင် ဂျယ်ရီ့ ရင်ထဲတွင် သူ့ကိုယ်သူ ယုံကြည်မှု စိတ်ဓာတ်ကလေးများ ပြန်လည်နိုးထ လှုပ်ရှားလာသည်။ စမ်းလုပ်ကြည့်လျှင် အောင်မြင်ချင်လည်း အောင်မြင်မှာပေါ့၊ ဒါဟာ ငါ့အတွက် အောင်မြင်မှု လမ်းစ ဖြစ်လာနိုင်တယ် စသည်ဖြင့် တွေးမိလာသည်။ သို့နှင့်နောက်ဆုံးတွင် ကျွန်တော်တို့ ကုမ္ပဏီအလုပ်ကို လက်ခံပြီး ကြိုးစားလုပ်ကိုင်ကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။

ထိုဆုံးဖြတ်ချက်သည် သူ့ဘဝကို လုံးလုံးလျားလျား ပြောင်းလဲပစ်လိုက်ပေသည်။ ယနေ့ ဂျယ်ရီသည် အရောင်းဌာန၏ နိုင်ငံလုံးဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်နေချေပြီ။ သူ့ ရာထူးမှာ ကျွန်တော်တို့ ကုမ္ပဏီ၏ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အမြင့်ဆုံးရာထူးတစ်ခု ဖြစ်သည်။ သူသည် ဧရာမ လုပ်ငန်းဌာနကြီးတစ်ခုကို စီမံခန်ခွဲနေရပြီး သူ၏ နေထိုင်မှူအဆင့်အတန်းမှာလည်း ဓာတုပစ္စည်းကုမ္ပဏီလုပ်သားဘဝနှင့် ကွာချင်တိုင်း ကွာခြားသွားခဲ့ပြီဖြစ်သည်။

သူ့ဘဝကို ပြန်၍ ငဲ့စောင်းကြည့်လျှင် ကံပေးသမျှ ဟူသော အတွေးမျိုးဖြင့် လက်မြှောက်အရှုံးပေးထားသည့် အနေအထားမှနေ၍ ယုံကြည်စိတ်ကလေးပြန်လည်နိုးကြားလာသဖြင့် ဘဝတက်လမ်းပွင့်လာခြင်းဖြစ်ကြောင်း ရှင်းရှင်းကြီးမြင်နိုင်မည်ဖြစ်သည်။

လူတိုင်းပင် ဂျယ်ရီကဲ့သို့ လှပသော ဘဝမျိုးသာ တည်ဆောက်ချင်ကြကြောင်း ကျွန်တော်တို့အားလုံး သိကြပါ၏။ လူတိုင်းပင်အောင်မြင်မှုကိုလိုလားသည်။ လူတိုင်းပင် စီးပွားရေး အခြေခိုင်ချင်သည်။ လူတိုင်းပင် အောင်မြင်သော လုပ်ငန်းရှင် ဖြစ်ချင်သည်။ သို့သော် ဖြစ်ချင်ရုံသက်သက်ဖြင့် မပြီး။ လိုချင်တာ ကိုရအောင်ပြိုင်ယူဆိုင်ယူ တိုက်ယူရပေမည်။

*#- ဒီစာအုပ်ဖတ်ရင်း မြန်မာစာရိုက်နည်း ကျင့်နေခြင်း ဖြစ်ပါသည်။ -#*
ကြာသပတေး ၁၇ ၂၀၀၇
ကြာချိန် = ၃း၂၀
စာမျက်နှာ = ၉ - ၁၄

ငယ်ရွယ်စဉ် ဘဝမှာ အထက်က ဖော်ပြထားခဲ့သည့် သောကြာနေ့ည ခံစားမှုမျိုး လူတိုင်းကိုယ်စီ ရှိခဲ့ကြပါသည်။

သည့်နောက် ဘာဖြစ်သနည်း။ အရွယ်ရောက်သည့်အချိန်မှာ ဘာတွေဖြစ်ကုန်ကြသနည်း။ ဘာကြောင့် လူအမြောက်အမြားမှာ ရည်မှန်းချက်တွေ ပျက်ပြယ်ခဲ့ရသနည်း။

အကြောင်းက ရှင်းရှင်းလေး ဖြစ်သည်။

အထက်တန်းကျောင်းက ထွက်လာပြီး၊ သို့မဟုတ် ကောလိပ်ကျောင်းက ဆင်းလာပြီးသည့်နောက်တွင် လောကဓံတရား၏ ရိုက်ပုတ်ချက် သို့မဟုတ် ယခင်က ကောင်းလှသည် ထင်ထားခဲ့သည့် လောကကြီး၏ ထိုးနှက်ချက်ကို မြိုးမြိုးမြက်မြက်ကလေး ခံစားလိုက်ရသောကြောင့် ဖြစ်၏။

အလုပ်ရှာရသည်။ ရသည့်အလုပ်မှာမတည်မြဲ။ သုံးကြိမ်ပြောင်းရသည်။ လေးကြိမ်ပြောင်း ရသည်။ အလုပ်ဝင်စမှာတော့ ကုမ္ပဏီတွေက အာမာခံချက်တွေ မက်လုံးတွေ အများကြီး ပေးကြသည်။ နောက်တော့လည်း တကယ်တမ်း ဘာမျှ ဖြစ်မလာ။ တဖြည်းဖြည်း ပို၍ပို၍ စိတ်အားပျက်လာသည်။ သည်ကြားထဲမှာပင် အိမ်ထောင်ကျမည်။ ကလေးတစ်ယောက်နှစ်ယောက် မွေးမည်၊ တာဝန်တွေက ပို၍များလာသည်။

ဒဏ်တွေ များလာသည့်တစ်နေ့မှာ လက်မြှောက်အရှုံးပေးစိတ် ဝင်လာသည်။ ငါ့ဘဝမှာ ကြီးကြီးကျယ်ကျယ်ဖြစ်ဖို့ မျှော်လင့်ချက်မရှိတော့ဘူး၊ လောကကြီးက ငါ့ကို တစ်ချက်ကလေးမှ မျက်နှာသာ မပေးခဲ့ဘူး၊ ကံကြမ္မာအတိုင်းပဲ ရှိပါစေတော့ ဟူသော အတွေးမျိုး တွေးမိလာသည်။ ယခင်က ရှိခဲ့သည့် သွက်လက်တက်ကြွမှုတွေ ပျောက်ကွယ်သွားသည်။ လောကကြီးထဲ တိုးဝင်ကာ မိမိစိတ်ကြိုက် ရွေးချယ်ထားသော အရာများကို ယူငင်ခံစားလိုက်မည်ဟု ရည်မှန်းခဲ့ကြသူများသည် စိတ်ပျက်လက်လျှော့ကာ နောက်ဆုတ်သွားကြတော့သည်။

မိမိကံကြမ္မာကို မိမိဖန်တီးမည်ဟူသော စိတ်ဓာတ်သည် ပြောင်းပြန်လန်ကာ ကံပေးသမျှသာပဲ ဟူ၍ ဖြစ်လာသည်။ ကြီးကျယ်အောင်မြင်ရမည်ဟု ရည်မှန်းထားခဲ့သူသည် သူလို ငါလို မှန်တန်းလောက်ဖြစ်လျှင်ပင် မဆိုးဘူး ဟူ၍ သဘောထား ပြောင်လဲလာခဲ့သည်။

ဤသည်မှာ ရမ်း၍ပြောနေခြင်းမဟုတ်။ ကျွန်တော်၏ ဘဝဖြစ်စဉ်နှင့်ယှဉ်၍ ပြောကြားခြင်း ဖြစ်ပါသည်။ ကျွန်တော်၏ ဘဝဖြစ်စဉ်နှင့် ယှဉ်၍ပြောကြားခြင်း ဖြစ်ပါသည်။ ကျွန်တော့် ဘဝကို သုံးသပ်ရင်း အခြားဘဝတူတို့ အကြောင်းကို ကျွန်တော် ဆက်စပ်သိမြင်ခဲ့ခြင်းဖြစ်ပါသည်။

ကျွန်တော်သည် ငယ်ကံကောင်းခဲ့သူ တစ်ဦး ဖြစ်သည်။ သားသမီးကို ချစ်တတ် ဂရုစိုက်တတ်သော မိဘနှစ်ပါးမှ ပေါက်ဖွားခဲ့ပါသည်။ အဖေရော အမေပါ စိတ်ပျက်ညီးညူတတ်သူများ မဟုတ်ကြ။ အကောင်းမြင်စိတ်ဖြင့် တက်ကြွနေတတ်သူများသာ ဖြစ်သည်။ အဖေသည် ဘောလုံးနည်းပြဆရာတစ်ဦးဖြစ်ပြီး ကျွန်တော်ကြီးပြင်းလာစဉ်ဘဝတစ်လျှောက်လုံး ကျွန်တော့်အား ကူညီခဲ့ အားပေးခဲ့ မြေတောင်မြှောက်ပေးခဲ့သည်။

အထက်တန်းကျောင်းသို့ ရောက်သည့်အခါ၌လည်း အတော်ဆုံး အကောင်းဆုံးဆိုသော နည်းပြဆရာများနှင့် ကျွန်တော် တွေ့ဆုံခဲ့ရသည်။ ဆရာ တော်မီတေလာနှင့် ဆရာ ဝက်စ်သောမတ်စ်တို့ နှစ်ယောက်လုံးပင် ကျွန်တော်ကို ဘောလုံးပညာ သင်ပေးကြရုံမက၊ ကမ္ဘာပေါ်မှာ အတော်ဆုံး ဘောလုံးသမားတစ်ယောက်ဖြစ်ရမည်ဟူသော စိတ်ဓာတ်မျိုးပါ ရိုက်သွင်းပေးခဲ့ကြသည်။

ကျွန်တော်တို့နေထိုင်ရာ ဂျော်ဂျီယာပြည်နယ် ကိုင်ရိုမြို့ကလေးမှာလည်း အလွန်ထူးခြားသည်။ လူဦးရေ တစ်သောင်းဝန်းကျင်သာ ရှိသည့် ကျွန်တော်တို့ မြိုကလေးသည် လူငယ်များကိုပြုပျိုးထောင်ရာ၌ အခြားမြို့များမှ လူများ အံ့သြရလောက်အောင်ပင် ထက်သန်တက်ကြွလှသည်။

ဤသို့လျှင် ကျွန်တော်၏ ငယ်ဘဝသည် အလွန်ပင် သာတောင့်သာယာ ရှိခဲ့ရပါသည်။ သည်နောက် ကျွန်တော် ကောလိပ်ကျောင်းသို့ ရောက်သည်။ ထိုနောက် ကလေးဘဝကတည်းက ချစ်ခဲ့ရသူ အင်ဂျီလာနှင့် လက်ထပ်သည်။ သည်အထိ ကျွန်တော်ဘဝ သာယာလှပဆဲ။

သို့သော် ထိုနောက်တွင်တော့ လောကကြီးအကြောင်းကို ကျွန်တော်တကယ် နဖူးတွေ့ ဒူးတွေ့ စတင်ရင်ဆိုင်ရတော့သည်။ အဖေသည် အသက် လေးဆယ်ရှစ်နှစ်အရွယ်တွင် ရုတ်တရက် နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ အမေ့မှာ စားဝတ်နေရေးအတွက် ကသီလင်တ ဖြစ်နေသည့်အချိန် ကျွန်တော်က ကိုယ်ပြဿနာနှင့်ကိုယ် မနိုင်မနင်းဖြစ်နေသည်။ ကျွန်တော် ငယ်စဉ်က ရည်မှန်းခဲ့သည့် ဘောလုံးနည်းပြဆရာတစ်ယောက်၏ လစာမှာ နည်းပါးလှချေသည်။ ကျွန်တော်မှာ ဇနီးနှင့် သားသမီး နှစ်ယောက်၏ တာဝန်ကလည်းရှိနေပြီ။

သည်အခါ စီးပွားရေး ဖူလုံမှုရှိရေး၊ ငွေရေးကြေးရေးအတွက် လုံခြုံစိတ်ချရရေးသည် ကျွန်တော့်ဘဝ အတွက် ရည်မှန်းချက်တစ်ရပ်အဖြစ် ပေါ်ထွက်လာသည်။ အပိုဝင်ငွေ ရအောင် ကျွန်တော် နည်းမျိုးစုံဖြင့် စတင်ကြိုးပမ်းတော့သည်။ ရပေါက်ရလမ်းတွေလိုက်ရှာသည်။ သို့သော် ကျွန်တော့်စိတ်တွင် သေချာပေါက်အခွင့်အရေးပဲဟု ထင်မိသော အရာတွေသည် တကယ်လက်တွေ့ လုပ်ကြည့်သည့်အခါ ထင်ထားတာနှင့် တခြားစီဖြစ်နေခဲ့သည်။

ကျောင်းသား ဘတ်စကက်ဘော ပြိုင်ပွဲများတွင် ကျွန်တော်ဒိုင်လူကြီးဝင်လုပ်သည်။ ကျောင်းသားမိဘများ နှစ်ဖက်အသင်း နည်းပြဆရာများထံ အဆဲအဆိုခံရင်း သုံးနာရီလောက် ဘတ်စကက်ဘောကွင်းကို ထက်အောက်စုန်ဆန်ပြေးလွှားပြီးသောအခါ ဒိုင်လူကြီးလုပ်ခ ငွေ ၁၂ ဒေါ်လာရသည်။

တစ်နှစ်တွင်မူ ကျွန်တော်လိုပင် ငွေကျပ်နေသည့် နည်းပြဆရာတွေ စုပြီး ခရစ္စမတ်သစ်ပင်များ ရောင်းကြသည်။ ရေခဲအောင် အေးစက်နေသည့် ညအချိန် အိမ်ထဲတွင် နွေးနွေးထွေးထွေး မနေနိုင်ဘဲ နှစ်ပတ်တိတိ ကျွန်တော်တို့ ဒုက္ခခံကြရသည်။ ရရှိသည့်ငွေကို ခွဲဝေယူကြတော့ တစ်ယောက်လျှင် ၇၅ ဒေါ်လာမျှစီသာ ရကြသည်။

တစ်နေ့တွင် သတင်းစာတစ်စောင်၌ ကြော်ငြာတစ်ခုတွေ့ရသည်။ ကျောင်းဆရာများ အားကစားနည်းပြများအတွက် ဝင်ငွေအများအပြားရရှိစေမည့် အချိန်ပိုင်းလုပ်ငန်း တစ်ခုဟူ၍ ကြော်ငြာထားသည်။ အလုပ်က စွယ်စုံကျမ်းများရောင်းချသော အလုပ် ဖြစ်၏။ ကျွန်တော်က ဈေးရောင်းရမည့်အလုပ်ကို မဝံ့မရဲဖြစ်နေသည်။ သို့သော် ခံစားရမည့် ကော်မရှင်က အတော်ပင်များသည်။ သို့နှင့်ပင် အရောင်းကိစ္စ သင်ကြားပေးသည့် သင်တန်းကျောင်းကလေးတစ်ခုသို့ ကျွန်တော် သွားဖြစ်ခဲ့သည်။ သည်နောက်မှာတော့ အိမ်တံခါးပေါက်တွေ လိုက်ခေါက်ကာ ဈေးလည်ရောင်းသော အလုပ်ကို စတင်လေသည်။ တံခါးတွေက ဈေးသည်မှန်းသိသည်နှင့် တစ်ပြိုင်နက် ဗြောင်းခနဲ ဗြောင်းခနဲ ပိတ်သွားကြသည်။ သည်လောက်အထိ ဖြစ်လိမ့်မည်ဟူ၍ မျှော်လင့်မထားခဲ့ရာ တဖြည်းဖြည်း ကျွန်တော် ကြောက်လာသည်။ အိမ်တံခါးပေါက်တစ်ခု ရှေ့ရောက်တိုင်း ရင်ထဲက ပျို့ချင်သလို ဗိုက်ထဲက ထိုးအောင့်ချင်သလို ဖြစ်လာသည်။ နောက်ဆုံးတွင်တော့ စွယ်စုံကျမ်းနှစ်စုံကျွန်တော်ရောင်းဖြစ်ခဲ့သည်။ တစ်စုံကို ကျွန်တော့် ဇနီးသည်က ဝယ်ယူပြီး တစ်စုံကို မိတ်ဆွေတစ်ယောက်က ဝယ်သွားသည်။

သည်အတွေ့အကြုံက ကျွန်တော်သည် ဈေးရောင်းသည့်အလုပ်၌ စွံမည့်သူတစ်ဦး မဟုတ်ကြောင်း ပြသနေသလို ရှိခဲ့သည်။

သို့တိုင်အောင်ပင် နည်းပြသင်တန်းတစ်ခု၌ အားကစားပစ္စည်းသစ်များဖြန့်ချိရောင်းချရန် စီစဉ်နေသူတစ်ဦးနှင့် တွေ့သောအခါ ကျွန်တော်စိတ်ဝင်စားခဲ့ပြန်သည်။

သူရောင်းချမည့် ကိုယ်ကာယ လေ့ကျင့်ခန်းသုံး ပစ္စည်းကိရိယာများမှာ ပြေးခုန်ပစ် အားကစားလောကတွင် အကြီးအကျယ် ခေတ်စားလာနိုင်သည်ဟု ယူဆရသည်။ ထို့ပြင် သူက ကျွန်တော်အား တစ်ဦးတည်း ကိုယ်စားလှယ် သဘောမျိုးပေးမည်ဟုလည်းဆိုသည်။ ကျွန်တော် အရမ်းအားတက်သွားသည်။ တကယ်ကြီးပွားမည့် လမ်းစကို ခြေချမိပြီဟု ယုံကြည်လိုက်သည်။

ထိုလူ့ထံမှ ပစ္စည်းအမယ်ပေါင်း ရာချီ၍ ကျွန်တော် ဝယ်ယူလိုက်သည်။ သို့သော် ဝယ်ပြီးနောက်တွင် ၎င်းပုဂ္ဂိုလ်သည် တောင်ပိုင်းနယ် တစ်ခွင်လုံး၌ လူတိုင်းကိုပင် ကျွန်တော့်နည်းတူ တစ်ဦးတည်း ကိုယ်စားလှယ် ခန့်သွားခဲ့ကြောင်းသိရှိရလေသည်။

မတက်နိုင်တော့။ သည်ပစ္စည်းတွေ သယ်ကာ ဈေးသည်အလုပ်ကို ဆက်လုပ်ရပြန်သည်။ အကြီးအကျယ် ရေပန်းစားလိမ့်မည်ဟု ကျွန်တော် မျှော်လင့်ခဲ့သည့် ပစ္စည်းများကို လူတွေ စိတ်မဝင်စားကြ။ ကိုယ်ကိုမြင်မှ တံခါးပိတ်ပစ်လိုက်သည့် ဒဏ်ကို ကြိတ်မှိတ်ခံကာ နေ့စဉ် အားတင်းပြီး ကျွန်တော် ထွက်ခဲ့ရသည်။ နောက်ဆုံးစာရင်းချုပ်သည့်အခါ၌မူ ကျွန်တော်ခံခဲ့ရသမျှ ဒုက္ခအတွက် ဒေါ်လာနှစ်ရာသုံးရာမျှခံစားရလေသည်။

စာဖတ်သူ မည်သို့သဘောရပါသနည်း။ ငါလည်း အလားတူကြုံခဲ့ဖူးတာပဲဟု တွေးနေမိပါသလား။

မှန်ပါသည်။ ကျွန်တော်တို့အားလုံးပင် သည်သဘောမျိုး ကြုံခဲ့ရဖူးပါသည်။ သည်အတွေ့အကြုံတွေသည် သင်တို့ ကျွန်တော်တို့ ရည်မှန်းချက်တွေ စိတ်ကူးယဉ်အိမ်မက်တွေ အားလုံးကို ထုချေဖျက်ဆီးပစ်သည့် အတွေ့အကြုံများပဲ ဖြစ်ပါသည်။ အစွမ်းကုန် ကြိုးစားခဲ့သည့်ကြားက နာလန်မထူနိုင်အောင် ရိုက်ချိုးခံလိုက်ရသည့်အခါ နောက်ထပ်ကြိုးစားချင်စိတ် မရှိတော့လောက်အောင် စိတ်ဓာတ်ကျဆင်းသွားရပေသည်။

နောက်ပိုင်း၌ ကျွန်တော်သည် အာမခံကိုယ်စားလှယ်တစ်ဦးအဖြစ်အချိန်ပိုင်း လုပ်ကိုင်ရင်း အောင်မြင်မှု အတန်အသင့် ရရှိခံစားခဲ့ရပါသည်။ သို့သော် အေ၊ အယ်လ်၊ ဝီလျံ(စ) ကုမ္ပဏီကို တည်ထောင်မည် ကြံစည်သောအခါ၌မူ အနှောက်အယှက် အဟန့်အတားတွေကို ကျွန်တော် မယုံနိုင်လောက်အောင်ပင် အဆမတန်ကြုံလာရပြန်သည်။

ကျွန်တော်တို့ အရောင်းလုပ်ငန်းကို တွဲကိုင်ပေးမည့် ကုမ္ပဏီတစ်ခုလိုက်ရှာစဉ်က အဖြစ်အပျက်တစ်ခုကိုပြောပါမည်။ အာမခံကုမ္ပဏီအကြီးအကဲများနှင့် ကျွန်တော်တွေ့ဆုံစကားပြောခွင့်ရရန် ကြိုးစားသည်။ မအောင်မြင်။ သူတို့နှင် တွေ့ခွင့်ရရေးမှာ မလွယ်ကူ။ သို့သော် တစ်ကြိမ်တွင်တော့ ဘော်စတွန်မြို့ရှိ နာမည်ကြီး ကုမ္ပဏီတစ်ခုမှ အကြီးအကဲနှင့် တွေ့ဆုံခွင့်ရသည်။ စကားပြောရသည်မှာ သိပ်မဆိုးလှ။ ကျွန်တော် အတော်လေး အားတက်သွားသည်။ များမကြာမီ ၎င်းပုဂ္ဂိုလ်ကြီးသည် အတ္တလန်တာမြို့သို့ ရောက်ရှိနေစဉ် ကျွန်တော်နှင့်တွေ့ချင်ပါသည်ဟု ဆက်သွယ်အကြောင်းကြားသည်။ ကျွန်တော်တို့ လုပ်ငန်းကို သူ့ကုမ္ပဏီက ကိုင်ပေးရန် လက်ခံလိုက်ပြီဟူသောသတင်းကို ပြောကြားရန် ခေါ်ခြင်းဖြစ်မည်ဟု ယူဆပြီး ကျွန်တော် အတော်ပင် ဝမ်းသာအားရဖြစ်သွားသည်။ မြို့လယ်ကောင်ရှိ ပိခ်ျထရီး ပလာဇာ ဟိုတယ်တွင် သူနှင့်အတူ ညစာစားရင်း စကားပြောရသည်။

အာလာပ သလ္လာပ ပြောပြီးနောက် သူက ကျွန်တော့်မျက်နှာကို စေ့စေ့ကြည့်ကာ

'ဒီမှာ အာ့တ်၊ ကိုယ်သေသေချာချာ စဉ်းစားကြည့်ပြီးပြီ၊ မောင်ရင့် အစီအစဉ် ဘယ်လိုမှ အောင်မြင်မှာ မဟုတ်ဘူး' ဟူ၍ ပြောချလိုက်သည်။

သူ ကျွန်တော်ကို တမင်တကာ မညှာမတာလုပ်လိုက်ခြင်းဖြစ်သည်။ သူရည်ရွယ်သည့်အတိုင်း ကျွန်တော်ကလည်း အထိနာသွားခဲ့သည်။ ချက်ချင်းအိမ်ပြန်ပြေးကာ ဘယ်သူနှင့်မျှ အတွေ့မခံဘဲ တံခါးအလုံပိတ်ပြီးသာ နေလိုက်ချင်တော့သလို ခံစားလိုက်မိသည်။

သို့သော် ဒါက ထိုအခိုက်အတန့် ခံစားမှုဖြစ်သည်။

တကယ်တမ်း ကျွန်တော် အလျှော့မပေးခဲ့ပါ။ စင်စစ်ထိုပုဂ္ဂိုလ်၏ အပြုအမူကပင် ကျွန်တော့်အား ဒီအလုပ်ကို အောင်မြင်အောင် လုပ်ပြမယ်ဟူ၍ ခိုင်မာပြတ်သားစိတ်ဝင်အောင် လုပ်ပေးလိုက်သလို ဖြစ်သွားခဲ့သည်။ အခြားသူတစ်ယောက်၏ ကျွန်တော့်အပေါ်ရှုမြင်ပုံ ကျွန်တော်စိတ်ကူများအပေါ် ရှုမြင်ပုံများကြောင့်ကား ကျွန်တော်ဘယ်တော့မျှ လက်မြှောက်အရှုံးပေးမည် မဟုတ်ဟူ၍ ကျွန်တော်စိတ်တွင် ပြတ်သားစွာ ဆုံးဖြတ်လိုက်မိသည်။

(၁.၁) သောကြာနေ့ည ခံစားမှု

*#- ဒီစာအုပ်ဖတ်ရင်း မြန်မာစာရိုက်နည်း ကျင့်နေခြင်း ဖြစ်ပါသည်။ -#*
သောကြာ ၁၁ ၂၀၀၇
ကြာချိန် = ၀း၂၀
စာမျက်နှာ = ၈ - ၉

ကျွန်တော်သည် အထက်တန်းကျောင်း ရပ်ဂဘီ ဘောနည်းပြဆရာအဖြစ် ခုနစ်နှစ် လုပ်ဖူး၏။ ထိုကာလသည် ကျွန်တော့်ဘဝအတွက် အမြဲအမှတ်ရစရာ ကာလတစ်ခု ဖြစ်ခဲ့၏။ ဘောပွဲကျင်းပသည့် သောကြာနေ့ညများကို ကျွန်တော် မမေ့နိုင်။ ဘောလုံးအသင်းမှ လူငယ်များ ဝတ်စုံတွေ ကိုယ်စီဝတ်ဆင်ကြမည်။ [ရပ်ဂဘီဘောမှာ ကန်သည့်ဘောလုံး (Soccer) ထက် ကြမ်းတမ်းသဖြင့် အနာတရ မဖြစ်အောင် ကာကွယ်သည့် ဝတ်စုံများ ဝတ်ကြရသည်။] သူတို့အားလုံး စိတ်ဓာတ်တွေ အရမ်းတက်ကြွနေကြမည်။ အားပေးကြသည့် အတန်းဖော်မိန်းကလေးများက ပန်းဖွားများ ဝှေ့ယမ်းကာ ခုန်ကြကကြမည်။ ကျောင်းတီးဝိုင်းက အောင်ပွဲတေးကို ဟစ်ကြွေးမည်။ ပရိတ်က တစ်ခဲနက် အော်ကြဟစ်ကြ လက်ခုပ်သြဘာပေးကြမည်။

သည်အရွယ် လူငယ်လေးများအား သင်ကြားပြသပေးရသည့် အလုပ်ကို ကျွန်တော် အလွန်ပင် ခင်တွယ်မြတ်နိုးခဲ့သည်။ ဘဝ၏ အခက်အခဲတွေနှင့် မရင်ဆိုင် မကြုံတွေ့ရသေးသည့် အချိန် စိတ်ကူးယဉ်အိမ်မက်တွေ ရည်မှန်းချက် အစီအစဉ်တွေ ပြည့်ပြည့်ဝဝလှလှပပကြီး ရှိနေကြသည့်သူတို့လေးတွေ၏ ရွှန်လန်းသော မျက်နှာများကို ကြည့်ရမြင်ရသည်မှာ အလွန်ကြည်နူးစရာကောင်းလှသည်။

သည်အချိန်ကာလ သူတို့ဘဝမှာ စိတ်လှုပ်ရှားတက်ကြွဖွယ်ရာ အတွေ့အကြုံသစ်တွေ ပြည့်လျှမ်းလျက်ရှိနေသည်။ မိန်းကလေးများနှင့် ချိန်းချက်တွေ့ဆုံတတ်ကြပြီ၊ အရာရာကို စူးစမ်းမှုပြုကြပြီး၊ ကားမောင်းသင်ကြပြီ၊ ကားမောင်းလိုင်စင် ကိုင်ဆောင်ခွင့်ရှိသည့်အရွယ်သို့ ရောက်တော့မည်၊ အချို့လည်း ကိုင်ဆောင်နေကြရပြီ၊ အားကစားအသင်းများ၊ ကလပ်များ၊ လူမှုရေးဆိုင်ရာ အဖွဲ့အစည်းများ၊ အုပ်စုများထဲ စတင်ဝင်ရောက်ကြပြီ။

ခြုံ၍ပြောရလျှင် သူတို့အတွက် လောကကြီးသည် ရွေးချယ်ယူငင်စရာတွေ များပြားလှသော ကြွယ်ဝပြည့်စုံသည့် လောကကြီး၊ လူတိုင်းအတွက် အခွင့်အလမ်းတွေ အများကြီး ဖွင့်လှစ်ပေးထားသည့် နေချင့်စဖွယ် လောကကြီး ဖြစ်နေလေသည်။

*#- ဒီစာအုပ်ဖတ်ရင်း မြန်မာစာရိုက်နည်း ကျင့်နေခြင်း ဖြစ်ပါသည်။ -#*
သောကြာ ၁၁ ၂၀၀၇
ကြာချိန် = ၁း၂၀
စာမျက်နှာ = ၆ - ၈

အခန်း (၁) လူတိုင်းအောင်မြင်ကျော်ကြားချင်သည်

# သောကြာနေ့ည ခံစားမှု
# စိတ်ကူးယဉ် အိပ်မက်များ သေဆုံးပျောက်ကွယ်သွားကြသည့် အချိန်
# ယုံကြည်စိတ်၏ စွမ်းအား
# တိုက်ယူဖို့ အသင့်ပြင်ပါ။

လူသည် သူ့ကိုယ်သူ ထင်မြင်ထားသည့်အတိုင်း တကယ်ဖြစ်၏။
(ဂျိမ်းစ် အယ်လင်)

လူတိုင်းအောင်မြင်ကျော်ကြားချင်သည်။

မိမိပတ်ဝန်းကျင်၌ အရေးပါချင်သည်။

ငါသည် 'ဘာ' ဖြစ်၏ဟု မိမိဘာသာ ခံယူထားသည့် အချက်ကို အများ အသိအမှတ်ပြုစေချင်သည်။

ဤသည်မှာ လူ၏ သဘာဝ ဖြစ်သည်။ လူတိုင်းလူတိုင်းမှာ ရှိသည့်စိတ်ဓာတ်ဖြစ်သည်။

ကျွန်တော်တို့သည် လောလောဆယ် မည်သည့်အနေအထား၌ ရှိနေပါစေ၊ မည်သည့်အရပ်မှ လာရောက်ရသူများပဲ ဖြစ်ပါစေ၊ ကျွန်တော်တို့ ရင်ထဲ နှလုံးသားထဲတွင်မူ ကျွန်တော်တို့၏ ထူးခြားမှု၊ သူတပါးနှင့် ကွဲပြားရှားနားမှု များကို ကျွန်တော်တို့ဘာသာ သိနေ၊ မြင်နေ၊ ယုံကြည်နေပေသည်။

လူတိုင်းပင်လျှင် ဤစိတ်ဓာတ် ဤခံစားမှုမျိုးဖြင့် ကြီးပြင်းလာကြသည်ချည်းဖြစ်သည်။ ကလေးဘဝက ကောင်းဘွိုင်လုပ်တမ်း ကစားကြသည့်အခါ ကျွန်တော်တို့ အားလုံးပင် သေနတ်ပစ် လက်အဖြောင့်ဆုံး ကောင်းဘွိုင်များ ဖြစ်ခဲ့ကြသည်။

ရုပ်မြင်သံကြား ကြည့်သည့် ကလေးတိုင်းပင် အာကာသယာဉ်မှူးဖြစ်ချင်သည်။ မာရာဒိုနာလို ဘောလုံးသမားဖြစ်ချင်သည်။ ဆရာဝန်ဖြစ်ချင်သည်။ ဘဲလေး ကချေသည် ဖြစ်ချင်သည်။ ရေခဲပြင် စကိတ်အလှစီးပြိုင်ပွဲကို ကြည့်ကာ ရွှေတံဆိပ်ဆုရှင် ရေခဲပြင် စကိတ်စီးသမား ဖြစ်ချင်သည်။

ကလေးတိုင်းပင် စိတ်ကူးယဉ်သမားများ ဖြစ်ကြသည်။ သူတို့အတွက်မူ ဖြစ်ချင်တာတွေကို စိတ်ကူးထဲမှာ ဖြစ်ကြည့်ရခြင်းသည် အသက်ရှူသည့်ကိစ္စလို အလိုအလျောက် ဖြစ်နေသည့် အရာတစ်ခု ဖြစ်သည်။

များမကြာမီက အတ္တလန်တာမြို့မှ ဆရာမတစ်ယောက်သည် ပဉ္စမတန်းမှ သူမ၏ တပည့်လေးများအား ၎င်းတို့၏ အနာဂတ်ရည်မှန်းချက်များကို စာတစ်ရွက်စီပေါ်၌ ရေးသားရန် စေခိုင်း၏။

ကလေးများ ရေးသားဖော်ပြသည့် ရည်မှန်းချက်အချို့မှာ ဤသို့ဖြစ်သည်။

  • အတန်းထဲရှိအငယ်ဆုံးကျောင်းသားလေးသည် အိုလံပစ် ရွှေတံဆိပ် ဆုရှင် ရေကူးချန်ပီယံဖြစ်ရန် ရည်မှန်းထား၏။
  • မိန်းကလေးနှစ်ယောက်ကမူ အမေရိကန်ပြည်ထောင်စု၏ သမ္မတဖြစ်လိုသော ဆန္နရှိ၏။ ယင်းအနက် တစ်ဦးမှာ ရှေ့နေ သို့မဟုတ် တရားသူကြီး လုပ်ရန်လည်း ရည်ရွယ်ထား၏။
  • အနုပညာအစွမ်းအစ ပြသခဲ့ဖူးသည့် ယောင်္ကျားလေးတစ်ယောက်ကမူ ရုပ်ရှင်မင်းသား လုပ်ရမည်လား၊ ရောခ့်တေးဂီတ အဆိုတော် အဖြစ်ကို ရွေးချယ်ရမည်လား ဝေခွဲမရသေးဘဲ ရှိနေ၏။<
  • ဂျေဆင်အမည်ရှိ လူငယ်လေး၏ ရည်မှန်းချက်များကိုတော့ ကျွန်တော် သဘောအကျဆုံး ဖြစ်၏။ သူက အက်ဖ်-၁၄ ဂျက်လေယာဉ်မှူး ဖြစ်ချင်သည်။ ထို့အပြင် အမေရိကန်တွင် လူကြိုက်များလှသည့် နာမည်ကြီး ရပ်ဂဘီ ဘောလုံးအသင်းတစ်ခုဖြစ်သည့် ဒါးလက်စ်ကောင်းဘွိုင်အသင်းတွင် အသင်းခေါင်းဆောင်ဖြစ်ချင်သည်။ ဆူပါဘိုးလ် ပြိုင်ပွဲကြီးတွင် နှစ်စဉ်ပါဝင်ယှဉ်ပြိုင်ခွင့်ရပြီး နှစ်စဉ် ဗိုလ်စွဲချင်သည်။ ထို့ပြင် အထူးချွန်ဆုံး အားကစားသမားဆုကိုလည်း သူက နှစ်တိုင်း ရချင်သေးသည်။

သူတို့လေးတွေသည် သိပ်ထူးခြားနေသူလေးများ မဟုတ်ကြပါ။ ကလေးပီပီသသ မူမှန်စိတ်သဘာဝ ရှိကြသူများသာ ဖြစ်ပါသည်။ ကလေးတိုင်း၏ စိတ်ထဲတွင် ငါကြီးလာတဲ့အခါ ဟူ၍ စိတ်ကူးရည်မှန်းထားတာလေးတွေ ကိုယ်စီ ကိုယ်ငှ ရှိကြသည်။ ငယ်ရွယ်သေးသည့်ကာလ သူတို့၏ စိတ်ထဲတွင် သူတို့နှင့် သူတို့စိတ်ကူးယဉ် အိမ်မက်များအကြား အခက်အခဲ အတားအဆီးတွေ ရှိလာ လိမ့်မည်ဟူသော အတွေးမျိုး ပေါ်လာလေ့မရှိခဲ့။

သူတို့စိတ်ကူးထဲတွင် ဖြစ်နိုင်သည့် အရာများနှင့် ရှေ့အလားအလာ များသာ ပြည့်နှက်လျှက်ရှိသည်။ သူတို့သည် တာဝန်ဆိုတာ ဘာမှန်းမသိကြသေး။ လူ့ဘဝဆိုတာကိုလည်းကောင်း၊ ပတ်ဝန်းကျင် လူ့အဖွဲ့အစည်း ဆိုတာကို လည်းကောင်း ဘာမှန်းမသိကြသေး။ သူတို့ခေါင်းထဲတွင် ဘယ်သူတွေက ဘာပြောကြမလဲ၊ ဘယ်လိုတွေ ထင်မြင်ကြမလဲဆိုတာတွေ မတွေးတတ်ကြသေး။

သူတို့၏စိတ်များသည် သူ့တို့ရင်ထဲက ထွက်ပေါ်လာသည့် အကြီးမားဆုံး အိမ်မက်များကို အနှောက်အယှက် အဟန့်အတားမရှိ မက်နိုင်လောက်အောင် လွတ်လပ်နေကြဆဲ ဖြစ်သည်။ အခက်အခဲဆိုတာ သူတို့နားမလည်၊ သူတို့အလိုဆန္ဒကိုသာ သူတို့သိကြသည်။ အနာဂတ်ကို လှမ်းမျှော်ကြည့်လိုက်သည့်အခါ၌ သူတို့အတွက် တံခါးပေါက်ကြီး ဟင်းလင်းပွင့်လျက်ရှိသည်ဟု မြင်ကြသည်။

သည်လိုမြင်ခြင်းကလည်း အံ့သြစရာတော့မရှိ။ သူတို့နံဘေးတွင် သူတို့ကိုကန့်ကွက်မည့်သူမရှိ၊ အားပေးသူ ထောက်ခံသူ အပြုသဘော ပြောဆိုသူများသာ ဝန်းရံလျက် ရှိ၏။ သားလေးက သိပ်တော်တာ၊ သမီးက သိပ်လိမ္မတာ၊ သားကကြီးလာရင် ဆရာဝန်ကြီးဖြစ်မှာ၊ သမီးကြီးလာရင် ဘာလုပ်မလဲ၊ ဆရာဝန်မကြီးလား၊ ရှေ့နေမကြီးလား၊ ဒါမှမဟုတ် အဆိုတော်လား၊ ရုပ်ရှင်မင်းသမီးလား စသည်ဖြင့် ချီးမွမ်းစကားဆိုကြ ထောက်ခံအားပေးကြမည့် မိဘများ ဦးလေးများ အဒေါ်များ စသည်တို့သာ ဝန်းရံလျက်ရှိကြသည်။

သည်အခါကမူ သူတို့အဖို့ မိမိတို့ကိုယ်ကို တစ်လောကလုံး၏ အထွတ်အထိပ်သဖွယ် ယုံကြည်ခံစားခဲ့ကြရမည် ဖြစ်ပေသည်။

*#- ဒီစာအုပ်ဖတ်ရင်း မြန်မာစာရိုက်နည်း ကျင့်နေခြင်း ဖြစ်ပါသည်။ -#*
ကြာသာပတေး ၁၀ ၂၀၀၇
စချိန် = ညနေ ၆း၄၄
ဆုံးချိန် = ညနေ ၉း၄၅
စာမျက်နှာ = ၁ - ၎

ချုံကြားမှ ဘုံဖျားသို့
ဖေမြင့်

ထိပ်ဆုံးသို့ ရောက်ခဲ့သူတစ်ယောက်၏ အောင်မြင်ကြီးပွားရေးဆိုင်ရာ မဟာဗျူဟာ နည်းဗျူဟာများနှင့် လက်တွေ့ဘဝသင်ခန်းစာများ

အမှာစကား

လူ့ဘဝဟူသည် တိုတောင်းလှ၏ ဟု ဆိုသူတွေ ဆိုကြ၏။

မတင်းတိမ်နိုင်သော သဘောဖြင့် ဆိုကြခြင်း ဖြစ်ပါသည်။ စင်စစ်နှစ်ပေါင်း ၇၀၊ ၈၀၊ ၁၀၀ နေရသော သက်တမ်းတစ်ခုသည် မတိုပါ။ သည်ကာလကို ထိရောက်စွာ အသုံးချလျှင် ဘာမဆို ဖြစ်လာနိုင်ပါသည်။

ဘဝကို မည်မျှ နိမ့်ပါးနုံချာသော အခြေအနေမျိုးမှ စတင်ခဲ့ရသည် ဖြစ်ပါစေ၊ ရည်မှန်းချက်ရှိမည်၊ ဥာဏ်အမျှော်အမြင် ရှိမည်၊ မလျှော့သော ဇွဲ လုံ့လ ရှိမည်ဆိုက တစ်သက်တာ ဘဝ အပြီးသတ်ချိန်၌ အမြင့်မားဆုံး ထိပ်ဆုံးနေရာကို ရရှိနိုင်ပါသည်။

သည်လို ရရှိသွားခဲ့သူတွေလည်း သမိုင်းတစ်လျှောက် အမြောက်အမြားရှိသည်။ အထွတ်အထိတ်သို့ ရောက်ရှိကြသူတွေ၏ အတ္ထုပ္ပတ္တိများကို လှန်လှောကြည့်လျှင် 'ချုံကြားမှ ဘုံဖျားသို့' တက်လာနိုင်ခဲ့သူတွေ များပြားလှကြောင်း တွေ့ရှိရလိမ့်မည်။

သည်လိုတက်လာနိုင်ခွင့်သည် ပါရမီ ထူးသူတချို့သာ ရရှိနိုင်သည့် မဟာအခွင့်အရေးမဟုတ်။ ဘုံဖျားသို့ တက်လာသော လှေကားသည် အထူးပုဂ္ဂိုလ်များအတွက် သီးသန့် ကန့်သတ်ထားသည့် လှေကားမဟုတ်။ လူတိုင်းတက်နိုင်သည့် လှေကား၊ လူတိုင်းအတွက် ဖွင့်ထားသည့် အခွင့်အရေး တံခါးသာ ဖြစ်သည်။

သင်သည် စီးပွားရေးနယ်ပယ်တွင် အောင်မြင်ကြီးပွားချင်သလား၊ အနုပညာသမားအဖြစ် ထင်ပေါ်ကျော်ကြားချင်သလား၊ လူမှုရေးနယ်ပယ်တွင် လွှမ်းမိုးတွင်ကျယ်ချင်သလား၊ ထူးခြားပြောင်မြောက်သော နိုင်ငံရေးသမား တစ်ယောက်အဖြစ် အထွတ်အထိပ်သို့ ရောင်ချင် ပါသလား။

ဘယ်အရာမဆို ဖြစ်လာနိုင်ခွင့် သင့်မှာ ရှိနေသည်။

အရေးကြီးသည်က အထက်တွင် ဆိုခဲ့သည့် ရည်မှန်းချက်၊ ဉာဏ်အမြော်အမြင်နှင့် ဇွဲလုံ့လ ဖြစ်သည်။

ရှေးဦးစွာ သင့်ကိုယ်သင် သာမန် အနုညာတ ဘဝမျှနှင့် မတင်းတိမ်လိုသော ဆန္ဒ ရှိရမည်၊ (ဝါ) ပီပြင်ပြောင်မြောက်သော ဘဝတစ်ခု တည်ဆောက်မည် ဟူသောရည်မှန်းချက် ရှိရမည်။

ဒုတိယ၊ ထိုသို့သော ဘဝတစ်ခု အောင်မြင်စွာ တည်ဆောက်နိုင်ရေး အတွက် အဆင့်ဆင့် ဆောင်ရွက်သွားစရာ လုပ်ငန်းအစီအစဉ်များ စနစ်တကျ ချမှတ်တတ်ရမည်။

တတိယ၊ အမြော်မြင်ရှိစွာ ချမှတ်ထားသည့် ယင်းလုပ်ငန်းအစီအစဉ်များကို မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ရေရှည် စွဲမြဲစွာ အကောင်အထည် ဖော်ရဲရမည်။

သည်အတိုင်း လုပ်နိုင်လျှင် သင်သည် 'ပုဂ္ဂိုလ်ထူး' တစ်ယောက် မုချဖြစ်လာရလိမ့်မည်။

* * *

ဤစာအုပ် မူရင်းကို ရေးသားသူ အာ့တ် ဝီလျံ(စ) (Arthur Lynch Williams) သည် ကိုယ်တိုင်အပင် ချုံကြားမှ ဘုံဖျားသို့ တက်လာနိုင်ခဲ့သူ ပုဂ္ဂိုလ်ထူး တစ်ဦးဖြစ်သည်။

သူ့အကြောင်း အကျဉ်းကလေးပြောပါမည်။

အာ့တ် ဝီလျံ(စ) သည် မူလက အထက်တန်းကျောင်း ဘောလုံးနည်းပြ တစ်ယောက် ဖြစ်သည်။ ထိုအလုပ်တွင် သူ ထူးချွန်ပါသည်။ သို့သော် ထိုအလုပ်မှ ရသည့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၁၀,၀၀၀ ခန့််သည် သူ့အတွက် မာတုန်းသာတုန်းသာ လုံလောက်သည်။ မမာရေး မကျန်းရေး ကြုံလျှင် ဒုက္ခရောက်သည်။ သားသမီးများ ပညာရေး၊ မိအို ဖအိုများ စောင့်ရှောက်ရေး စသည်တို့ကို တွေးကြည့်လျှင် သူ့ဘဝသည် ရင်လေးစရာ။

သို့နှင့် ခရီး တစ်ဝက်တစ်ပျက်မှာပင် သူ့ဘဝ လမ်းကြောင်းကို ပြောင်းလဲပစ်ရန် ဝီလျံ(စ) ဆုံးဖြတ်သည်။ သူ့မူလ ဆုံးဖြတ်ချက်က ရိုးစင်းသည်။ ရှင်းသည်။

ငွေကြေးအတွက် တွေးပူစရာ မလိုသော ဘဝတစ်ခု သူတည်ဆောက်မည်။ ဒါပဲ။

၁၉၇၇ ခုနှစ်တွင် ဝီလျံ(စ) သည် မိမိနည်းတူ ဘဝရှေ့ရေး စိတ်အေးလိုသူ ၈၅ဦးကို စည်းရုံးစုစည်းကာ အသက်အာမခံကုမ္မဏီတစ်ခု စတင်ထူထောင်သည်။

၁၉၈၈ ခုနှစ်တွင် ဝီလျံ(စ) သည် ကုဋ္ဋေကြွယ်သူဌေး ဖြစ်လာသည်။ သူ့လုပ်ဖော်ကိုင်ဘက်တွေ အားလုံးလိုပင် သန်းကြွယ်သူဌေးများ ဖြစ်လာကြသည်။ သူ့ ကုမ္မဏီသို့ ဝင်ရောက်ပူးပေါင်းလုပ်ကိုင်ကြသူများထဲတွင် နှစ်စဉ် ဒေါ်လာ သိန်းဂဏန်းရှိသူ ဦးရေက ငါးရာကျော်နေပြီ။

မျက်လှည့်ပြလိုက်သလို ဝီလျံ(စ) အောင်မြင်ကြီးပွားသွားခြင်းသည် အဘယ်ကြောင့်နည်း။

အောင်မြင်ရေးဆိုင်ရာ သဘာဝတရားများကို သူ၏ ကိုယ်ပိုင်အတွေ့အကြုံနှင့် ယှဉ်ကာ စိတ်ဝင်စား အားတတ်ဖွယ် စီစဉ်ရေးသား ထားသည့် ဤစာအုပ်၌ အဖြေကို တွေ့နိုင်သည်။

ဤစာအုပ်တွင် အသားလွတ် မြှောက်ပေးသော စကားများကိုကြားရလိမ့်မည် မဟုတ်။ ကြီးမားသော အခက်အခဲ အဟန့်အတားများကြားမှ ထမြောက်အောင်မြင်အောင် ကြိုးပမ်းခဲ့ကြသည့် ကျားကုတ်ကျားခဲသမားတို့၏ ဇွဲနပဲနှင့် လုပ်ရည်ကိုင်ရည်များကိုသာ အားကျအတုယူဖွယ်မြင်တွေ့ရမည် ဖြစ်သည်။

* * *

သင်သည် မည်သည့်နယ်ပယ်၌ အောင်ပွဲခံရန် ရည်မှန်းထားပါသလဲ။

စီးပွားရေး လောကကို သူ၏ ဘဝတိုက်ပွဲ ဆင်နွှဲအောင်မြင်ရာ စစ်မြေပြင်အဖြစ် ထင်ဟပ်တင်ပြထားသည့် ဝီလျံ(စ) ၏ မဟာဗျူဟာ နည်းဗျူဟာများသည် သင့်အတွက် သင်ရွေးချယ်ထားသော နယ်ပယ်တွင် အောင်ပွဲခံရန် နည်းလမ်းကောင်း အကြံဉာဏ်ကောင်းများအဖြစ် ထိထိရောက်ရောက် အထောက်အကူ ပြုပါလိမ့်မည်။

သူ အလေးအနက် ပြောတာ တစ်ခုတော့ ရှိသည်။

ဇွဲနပဲ။

သူကတော့ 'အစွမ်းကုန်' ဆိုသောစကားကို သုံးသည်။

သူ့မူရင်းစာအုပ် အမည်ကပင် 'သင့်အစွမ်းရှိသမျှသာ သင်လုပ်နိုင်ပါမည်၊ သိုသော် ထိုအစွမ်းရှိသမျှသည်ပင် လုံလောက်ပါသည်' ဟူ၍ ဖြစ်သည်။

ဘာလုံလောက်သနည်း။

အထွတ်အထိပ်သို့ ရောက်ရန် လုံလောက်သည်ဟု ဆိုခြင်း ဖြစ်ပါသည်။

ဖတ်ကြည့်ပါ။

ပြီးလျှင် လုပ်ကြည့်ပါ။

တိုတောင်းသည်ဆိုသော ဘဝကိုပင် ကြီးကျယ်ခမ်းနားအောင် သင်တည်ဆောက်နိုင်ပါလိမ့်မည်။

ဖေမြင့်