ဟန်နီ ရေ...

ပင်လယ်စာတွေကို ကျွန်မကအရမ်းကြိုက်တာ။ ငါး၊ ပုစွန်၊ ကဏန်း၊ ဂုန်း၊ စကွစ်ဒ်၊ အောက်တိုပတ်စ်၊ ဆီးဝီးဒ် ကျောက်ပွင့်သုပ် စသည်စသည် အကုန်ကြိုက်တယ်။ ကျွန်မ အမေက ဟင်းချက်လဲကောင်းတယ်၊ အစားလဲပုတ်တယ်၊ ထွတ်ကယ်ညှက်ကယ်လဲ အရမ်းလုပ်စားဖို့ဝါသနာပါတော့ ဟင်းမျိုးစုံ အမြဲစားရတယ်။ ဒီနေ့ ဈေးကနေ ကရုကမာ တွေဝယ်လာပီး ညနေစာချက်ထားတယ်။ အဲဒီ ဟင်းကို ကျွန်မအရမ်းကြိုက်တယ်။

အမေက ကျွန်မကြိုက်မှန်းသိလို့ ချက်အပီး လာမြည်းခိုင်းတယ်။ ကျွန်မကလဲ ကြိုက်တဲ့ ဟင်းအမြည်းခိုင်းရင် ဟင်းအိုးတဝက် အကုန်လောက်မြည်းတတ်တယ်။ အမေက မစုမြည်းတာတော်ပီ အမြဲ ဟန့်ရတယ်။ ဒီတခါလဲ ဟင်းအိုးနားက ရစ်သီရစ်သီနဲ့ မခွာနိုင်ဘူး။ အမေ အလှစ်မှာ ခိုးစားဖို့ လက်ကလဲ မြန်ပီးသား။ ၃ခါလောက် ခိုးစားပီတော့ အမေက အမြင်ကပ်လာပါလေရော။

မစု နင် ခိုးစားနေပြန်ပီ မိုလား။ နင်တော့ လွန်လွန်းပီနော်၊ နင့်ဝေစု ကုန်ပီ၊ ထမင်းစားရင် မရတော့ဘူး ဆိုတယ်။ ကျွန်မကလဲ မနေနိုင်ဘူး၊ တစ်ခုထဲပါဆိုပီး ထပ်နှိုက်စားတာပဲ။ နောက်ဆုံးတော့ အမေက ထအော်ပါလေရော။ နင်တော့သေတော့မယ်၊ လာခဲ့စမ်း နောက်တခါ လာစားလို့ကတော့၊ အဲဒီ ပြဲနေတဲ့ မျက်နှာကို ပိုပြားသွားအောင် ဖိနှောက်နဲ ပေါက်ပီသာမှတ် လို့ကြိမ်းတယ်။ ကျွန်မကလဲ နဲနဲ အချိုသွေးရတာပေါ့နော၊ အော် မေကြီးကလဲ သမီးတယောက်ထဲရှိတာ (မောင်နဲ့၊ ညီမနဲ့ကို စရင်းမသွင်းဘူး၊ မေ့ထားလိုက်)၊ ကျွေးလို့ရတုန်း ကျွေးစမ်းပါ၊ နောက် ကျွေးချင်ပါတယ်ဆိုမှ ကျွေးလို့မရတဲ့ အခါကျမှ ထိုင်မငိုမနေနဲနောလို့။ အမေကလဲ အမလေး ဝေးသေး၊ ဝေးသေး ဆိုပီး သူတပြန် ကိုယ်တပြန် ပြန်ပြောနေကျတာပေါ့ မီးဖိုချောင်မှာ။

အဲဒါနဲ့ အိမ်ရှေ့ထိုင်နေတဲ အဖေက ကြားဝင်လှမ်းပြောပေးပါလေရော။ အော် မိန်းမရယ်၊ သူစားချင်တာ ကြွေးလိုက်စမ်းပါ။ ငါတို့မှာ ဒီ ဟန်နီ သမီးတယောက်ပဲ ကျွေးဖို့ရှိတာ၊ ဟိုကောင် (အငယ်ကောင်) က အဲဒီဟင်း မကြိုက်ဘူး မိုလား။ ကဲကဲ ဟန်နီ ကို ကျွေးလိုက်။ အမေက ဘယ်က ဟန်နီလဲ လို့မေးရော၊ အဖေက - အော် သူများတွေမှာ သူတို့သားသမီးတွေကို ချစ်စနိုး နာမည်လှလှ တပ်ခေါ်ကြတယ်မိုလား၊ မစု ခေါ်တာထက်စာရင် ဟန်နီလို့ ခေါ်တာပိုမကောင်းဘူးလားလို့။

အမေက ခပ်ရိုးရိုး အတွန့်တက် တယ်။ အဖေ့ ဘယ့်နဲ့ ဟန်နီက ဟို ဦးဝှာ သမီးရဲ့ နာမည်လေ ဆိုပီး အဲဒီနာမည် သူများယူပီးကြောင်း အသိပေးတယ်။ အဖေက အိုး ဘာဖြစ်လဲ နာမည်တူ တွေအများကြီး ကိုယ့်သမီးကိုယ် ပေးချင်တဲ့ နာမယ်ပေးတာပေါ့ ဆိုတယ်။

ကျွန်မက စဉ်းစားတယ်၊ အင်း မဟုတ်သေးဘူး အဖေ ဒီလောက်အတင်းကြီး အင်စစ် နေရင် အကောင်းပြောတာ မဖြစ်နိုင်တော့ဘူး ဆိုပီး၊ မေကြီး သွားငြင်းမနေနဲ့ဦး ဘာပြောတာလဲမသိဘူး၊ တခုခုတော့တခုခုပဲလို့ အမေကို ပြန်စဉ်းစားဖို့ ဟန့်လိုက်တယ်။ အဲဒီတော့မှ အဖေက အော် နာမယ် လေးက အရမ်းလှ၊ လူနဲလဲ လိုက်မှလိုက် ပဲ။ သူကို ခေါ်ရင် ဟန်နီရေ......လို့သာခေါ်လိုက် ဆိုသတဲ့။ ကျွန်မကလဲ အဖေ ဘာရွဲ့ပြောနေလဲ ခေါင်းထဲမှာ အကြီးအကျယ်စဉ်းစားပါလေရော။

အတော်နေမှ အဖေက ရှင်းတယ်။ ဟန်နီနာမယ် က တော်တော်လှတာနော၊ အင်္ဂလိပ်လို အသံလေးကလဲကောင်း....ဗမာပြန် အဓိပ်ပါယ်လေးကလဲ ကောင်းနဲ....ကောင်းမှကောင်းပဲ ဆိုမှ၊ ကျွန်မခေါင်ထဲ တိန်ကနဲ မီးလင်းသွားတော့တယ်။

ပီးမှ ကောင်းကောင်းထိုင်ရီပါလေရော။ အမေက သဘောမပေါက်သေးပဲ ဘာလဲဘာလဲ လာမေးတယ်။ ကျွန်မကပြန်ရှင်းပြရတယ်၊ ဟန်နီ ကို မြန်မာလိုပြန်တော့ ပျားရည်လို့ ထွက်တယ်မို့လား။ ဟန်နီရေ........လို့ ခေါ်တော့၊ ပြားရေ......လို့ခေါ်တာနဲတူတူပဲပေါ့။

အဖေက ကျွန်မကို သက်သက်နှိပ်လိုက်တာ။ စောနက အမေက ကျွန်မ မျက်နှာ ပြဲပြဲ ကို ပို ပြားအောင် ဖိနှောက်နဲ ပေါက်မယ်လို့ ပြောတာကို အစကောက်ပီး နောက်လိုက်တာလို့ဆိုမှ အမေလဲသဘောပေါက်ပီး သူထောက်ခံကြောင်း၊ အဲဒီနာမယ်ကောင်းကြောင်း၊ ကျွန်မနဲ သင့်တော်ကြောင်း၊ အဖေနာမယ်ရွေးတော်ကြောင်း၊ သူလဲ ဒီနာမယ် စခေါ်မယ် ဖြစ်ကြောင်း စသည်စသည် သြောဘာ ပေးတယ်။

ကျွန်မလဲ ဘာပြန်ပြောရမှန်း မသိတော့တာနဲ့၊ ယူ ပီးပဲလ် ဒုန့် အင်ဆော့ မီ၊ လို့အော်ဟစ်ပီး၊ ဟင်း ထပ်ခိုးစားဖို့ အကြံပါ ဖြတ်ပီး အိမ်ထဲ ဝင်ပြေးရတယ်။ ကျွန်မ ရဲ့ မျက်နှာ ပြဲပြဲ၊ နှခေါင်း ပြားပြား၊ ခေါင်းခေါင်း ပြားပြား၊ ကိုယ်လုံး ပြားပြား အင်္ဂါကို အမြဲလာလာ ခလုတ်တိုက် တာခံရတယ်။ ဒီတခါ ခလုတ်တိုက်တာကိုတော့ တော်တော်စဉ်းစားယူလိုက်ရတယ်။

အဲဒီက စပီး ကျွန်မနားမှာ ဟန်နီ ခေါ်သံကြားမိတိုင်း၊ ခေါ်တဲ့လူကို မျက်စောင်း တချက် ကောင်းကောင်း အထိုးခံရပီသာမှတ်။

ရဖ်ဖရန့် ပေးခြင်း

တလောက နယူးဇီလန်ကို ပြောင်းသွားတဲ့ အိက်စ်ကောလိ က ဟိုမှာ အလုပ်လျှောက်နေတာ၊ သူ ကျွန်မကို ရဖ်ဖရန့် တပ်ထားတာ မသိလိုက်ဘူး။ သူကလဲကြိုကြိုတင်တင် မပြောထားဘူး။ ဒါနဲ မနေ့တုန်းက နယူးဇီလန် ရီခရုမန့် အေဂျန်စီက တယောက်က ကျွန်မစီ ဖုန်းလှမ်းဆက်ပီး ဟိုမေးဒီမေး မေးတယ်။ အလုပ်ထဲရောက်ပီး နဲနဲမအားလို့ ခပ်တိုတိုဖြေပီး မေးခွန်းတွေကို မေးလ်ကနေ ဖြေမယ်လို့ပြောလိုက်တယ်။ အိက်စ်ကောလိရဲ့ သူငယ်ချင်းတွေက ဘေးမှာအကုန်ရှိတော့၊ တော်ကြာ ကျွန်မ သူ့မကောင်းကြောင်းပြောရင် ပြန်ပြောနေမှာ။ ရဖ်ဖရန့် ပေးတာ ပရိုက်ဗစ်စီ ရှိဖိုလိုတယ်။ ဒီလူ မကောင်းရင်၊ မကောင်းဘူးပြောတာပဲကောင်းတယ်။ ကိုယ်က အားနာပါးနာနဲ့ ကောင်းပါကြောင်း၊ တော်ပါကြောင်း သွားပြောပီးမှာ သူ့ကို တကယ်လဲ ခိုင်းရော ဘာမှမလုပ်တတ်ဘူးဆိုရင် ရဖ်ဖရန့် ပေးတဲ့လူပါ အပြစ်ဖြစ်မှာပေါ့နော။ အဲတော့ ကျွန်မက တော်ရုံပဲဖြေတယ်။

ရဖ်ဖရန့် လိုချင်ရင် သူကအရင်ဆုံး ကိုယ့်ကို အသိပေးရမှာပေါ့။ သူ့ကို ကြိုက်တယ် ဆိုရင် အေး ရပါတယ်၊ အချင်းချင်းတွေပဲ နင်ကောင်းကြောင်း ဝမ်းသာအားရ အမွန်းတင်ပေးရတာပေါ့ ဆိုပီး လိုလိုချင်ချင်ပေးမှာပေါ့။ သူ့ကို မကြိုက်ဘူးဆိုရင်တော့ နဲနဲ ဝေ့ဝှိုက်ငြင်းရတာပေါ့။ မကြိုက်ပါဘူးဆိုမှ သူ့ကောင်းကြောင်း ဘယ်လိုလုပ်ရေးရမလဲနော။ သူမကောင်းတာကြီးကို ကောင်းပါတယ်လို့ ရေးလဲမဟုတ်၊ မကောင်းတာကြီး ကို မကောင်းပါဘူး၊ လုံးဝ သူ့ကို မကြိုက်ပါဘူး တဲ့တိုးကြီးရေးရင်လဲ မျက်နှာပူစရာ၊ အားနာစရာ။ ကိုယ် မကောင်းပြောလိုက်လို့ သူဒီအလုပ်မရဘူးဆိုပီး ကိုယ့်အပြစ်လုပ်ခံနေရအုံးမယ်နော။ အဲတော့ ပထမထဲက အရင်အသိပေးပီး သူတို့ အိုကေတယ် ဆိုမှာ ရဖ်ဖရန့် တတ်ဖို့ကောင်းတယ်။ ထားပါတော့။

အခု ကျွန်မ ဒီလူ့ကို ဘယ်လိုကောင်းအောင်ပေးရမှန်းလုံးဝ မစဉ်းစားတတ်ဘူးဖြစ်နေတယ်။ ပြောရရင် လုံးဝ ရဖ်ဖရန့် မပေးချင်ဘူး။ သူကလဲ လယ်တယ်။ သူ့ကို မကြိုက်တဲ့၊ ဘော့စ်နဲ့၊ ပရောဂျက် မန်နေဂျာ စီမှာ မတောင်းဘူး၊ သူနဲ့ နဲနဲ အလွှန်းသင့်တဲ့ တင်းမ်လိဒါ နဲ့၊ ကျွန်မ - စီနီယာ ဒီဖလော့ပါ စီမှာလာတောင်းထားတယ်။ ပြောရရင် ဒီကောင် တခုမှ ဟုတ်တိပတ်တိမတတ်ဘူး၊ အပျင်းကလဲထူ၊ ခိုင်းလိုက်ရင်လဲ တခုမှကောင်းကောင်းထွက်မလာဘူး။ ပြီးရင် ပြီးတာပဲဆိုတဲ့သဘောနဲပဲလုပ်တယ်။ သူ့မှာ လုံးဝ သူလုပ်ရတဲ့ အလုပ်အပေါ် ကောင်းစေချင်စိတ်၊ စေသနားထားဖို့စိတ်မရှိဘူး။ ဒါမဟုတ်သေးဘူး ပြန်လုပ်ဆိုရင် မျက်နှာက ဆူပုတ်ပုတ် ပြန်ရန်လုပ်ချင်တဲ့ ပုံနဲ့။ အထူးသဖြင့် ကျွန်မခိုင်းတဲ့ အလုပ်ကို ပိုမလုပ်ချင်တဲ့ အချိုးအမြဲပေးတယ်။ သူထက် ကျွန်မ အသက်အားဖြင့် တော်တော်ငယ်တာ တကြောင်း၊ မိန်းကလေး (အမြင်အားဖြင့် ဂျပု ခပ်ဆုတ်ဆုတ် နုံချာချာ လူသေးသေး) တယောက်က သူ့ကို အခိုင်းခံရတာတကြောင်း၊ ဟိုအကြောင်း ဒီအကြောင်း ပေါ့နော၊ ကျွန်မ ခိုင်းရင် အချိန်ဆွဲပီး မပီးနိုင်တော့ဘူး။ ဒီကလဲ အချိန်ဆွဲရင် လုံးဝ ကြည့်လို့ရတာ မဟုတ်ဘူး။ ၂နာရီ လုပ်ရင်ပြီးရမယ့် အလုပ်တခုကို၊ တနေ့ မပီး နှစ်နေ့ မပီး ဆိုရင်မဟုတ်တော့ဘူး။ ကိုယ် မအားလို့ အားနေတဲ့ သူ့ ခိုင်းပါတယ်၊ အလုပ်တောင် ပိုနှောင့်နှေးသွားသေးတယ် ဆိုပြသနာနော။ သူအလုပ်တွေ ရှုပ်နေလို့ ခိုင်းထားတာမပီးဘူးဆိုလဲ ဖြေသာသေးတယ်။ ခုဟာက သတိရလို့ လှမ်းကြည့်လိုက်တိုင်း ဂမ်းကစားနေလိုက်၊ ချက် နေလိုက်ပဲ တွေ့တွေ့နေရတယ်။ ကျွန်မတို့ ရုံးက ဘာမှ ပိတ်မထားတော့ ကစားချင်တာ ကစား၊ လုပ်ချင်တာ လုပ်နေလို့ရတယ်။

ဒါနဲ တခါက စိတ်တိုပီး ဘော့စ်ရှေ့မှာတင် နင်လုပ်တာ မဟုတ်သေးဘူး၊ နင်ဆီကို ပြန်လာလာစစ်နေရတာနဲ့ ငါအချိန်တွေပါ ပုတ်တယ်။ ဒီအလုပ် မပီးရင် နင့်တာဝန်ပဲဆိုပီး တဲ့တဲ့ပြောပလိုက်တယ်။ အဲတော့ ဘော့စ်က သူကို မင်းဘာတွေနဲ အလုပ်များနေလဲ၊ ဘာလဲ၊ ညာလဲ မေးတော့မှ၊ အိုး ပီးတော့မှာပါဆိုပီး ပေါက်တကရ စကားအချိုသွေးတယ်။ ဘော့စ်လဲ သွားရော ကျွန်မကိုလာပီး၊ မေ နင် တော်တော် စကားများတာပဲ၊ အာကျယ်အာကျယ် ဘစ်မေါက်သ် ဆိုပီး လာ အတွန့်တက်တယ်။ ဟား အများကြီးပဲ ပြောရရင်၊ ဒီကောင်နဲလုပ်ရတဲ့ အလုပ် တခုမှ အစဉ်မပြေဘူး။ ကျွန်မတယောက်ထဲ မဟုတ်ဘူး၊ သူနဲ့ တွဲလုပ်သမျှလူတွေအားလုံး သူ့အကြောင်းသိတယ်။ အမလေး အလုပ်သာ ကောင်းကောင်းမလုပ်တတ်တာ၊ လေပန်းရမယ့်နေရာ၊ ဟိုယောင်ယောင် ဒီယောင်ယောင် တတ်ယောင်ဝါး ဘူးလ်ရှစ် လုပ်တဲ့ နေရာမှာတော့ ကိုယ်တော်က တော်မှတော်။ အော် ဘူးလ်ရှစ် ကောင်းကောင်းလုပ်တတ်ခြင်းသည်လဲ၊ အတတ်ပညာတခုပါပဲလေဆိုပီး အဲဒီနေရာမှာတော့ သူ့ကို ဆရာတင်လိုက်ပါတယ်။

အဲလို လူစားမျိုးအတွက် တောင်းလာတဲ့ ရဖ်ဖရန့် ကို ကျွန်မ ဘယ်လို ကောင်းကောင်း ပေးရမလဲ။ သူ့ ဝမ်းစာရေးကို ကိုယ် အနှောက်အရှက် မပေးချင်ပါဘူးလေ ဆိုပီး တော်ရုံလောက် ဟိုလိမ် ဒီလိမ် ပေးလိုက်ပါတယ်။ ကျွန်မ ပြန်စာ မေးလ် ရေးနေတုန်းမှာပဲ ကိုယ်တော်က ဂျီတော့ပေါ်က လှမ်းပြောတယ်။ ဟေး မေ၊ နင့်ဆီကို တစ်ယောက်ယောက် ဖုန်းဆက်ပီး ရဖ်ဖရန့် တောင်းရင်၊ ကောင်းကောင်းလေး ပေးလိုက်စမ်းပါ၊ နဲနဲပါးပါး ဘူးလ်ရှစ်လိုက်ပေါ့နော တဲ့၊ အိုင် အမ် ကောင့်တင်း အွန် ယူ တဲ့။

အော် ဟုတ်ကဲ့ ရှင့် ကျွန်မ တတ်နိုင်သလောက် ဘူးလ်ရှစ်ပေးလိုက်ပါမယ်လို့ ဂတိပေးလိုက်ရတယ်။
ကဲကဲ သကောင့်သား၊ ကျန်းမာပါစေ၊ ချမ်းသာပါစေ။ ငါပဲ ကုသိုလ် တစ်ပဲ၊ ငရဲ တစ်ပိသာ ယူလိုက်ပါတယ်လေ။

လက်ရှိ ခါးသည်းချက်များ

ခုတလော ဘလော့လုပ်ဖို့ လုံးဝစိတ်မဝင်စားနှိုင်ဘူးဖြစ်နေတယ်။ ပရောဂျက် ၃ခုတပြိုင်ထဲကိုင်နေရတယ်။ ဟိုတယောက်ကလဲ သူ့ပရောဂျက်ကို ဦးစားပေးလုပ်စေချင်၊ ဒီတယောက်ကလဲ သူ့ပရောဂျက်ကို ဦးစားပေးလုပ်စေချင်နဲ့ လုပ်ရတဲ့လူမှာ ချာချာကိုလည်နေတာပဲ။ ဒီကြားထဲ တခြားတယောက်ကိုင်နေကြ မိန်တန်နန့်စ် စပို့ ကလဲ လုပ်ပေးရသေးတယ်။ အဲဒီ ဒဗလော့ပါ ကဟိုတလောက အလုပ်ကထွက်သွားတော့ သူလုပ်နေကျဟာတွေပါ ကိုယ့်စီရောက်လာတယ်။ လူသစ်တစ်ယောက်တော့ ခေါ်ထားပါရဲ့ တခုမှ မတတ်သလောက်ရှိတဲ့ လူဖြစ်နေတော့ သူ့ကိုခိုင်းရင် ရှင်းပြရတာနဲတင် အချိန်သိပ်ကုန်တယ်။ ကိုယ်တိုင်လုပ်တာက ပိုမြန်ပါသေးတယ်ဆိုပီး ဟိုဟာလဲ ကိုယ့်ဟာကိုယ်လုပ်၊ ဒီဟာလဲ ကိုယ့်ဟာကိုယ်လုပ်နဲ့ လူလဲရူးချင်ချင်ဖြစ်လာတယ်။ ဒီကြားထဲ ပရောဂျက်မန်နေဂျာဆိုတဲ့ ဂတုန်း၊ မုတ်ဆိတ်မွေးထူလဗြစ်နဲ့ ခွားမသေးက လာလာပီး ဒီမန်းလုပ်ချင်သေးတယ်။ ရှိသမျှမုတ်ဆိတ်မွေးတွေ ဆောင့်ဆွဲပီး ဘယ်ပြန်၊ ညာပြန်၊ ငါတယ် လုပ်လိုက်ရ ကောင်းတော့မယ်။ အလုပ်တွေရှုပ်လို့ စိတ်တိုနေတာ တော်တော်ကြာပီ။ စိတ်တိုတုန်း စကာမပြောတာပဲကောင်းတယ်။ တော်ရာလူကော၊ မတော်ရာလူကော ကိုပါ ဘုဂွစာ တွေပဲ ပြန်ပြောမိမှာ။

အလုပ်များပါတယ်ဆိုမှ သူများ လုပ်ရမဲ့ ပို့စ်ဂရက် အဆိုင်းမန့်ကိုပါ လိုက်လုပ်ပေးနေရသေးတယ်။ ကျွန်မ အခုလုပ်နေတဲ့ ပရေဂျက်တစ်ခုရဲ့ ကာ့စတန်မာ မှာသူတို့ရဲ့ အိုင်တီမန်နေဂျာ နဲ့ နောက်ကောင်မလေးတစ်ယောက်က ပို့စ်ဂရက် တက်နေတာ၊ သူတို့ အဆိုင်းမန့်မှာ ကျွန်မလုပ်တဲ့ ပရိုဂရမ်ကို ယူသုံးမလို့တဲ့။ ယူချင်ယူပေါ့၊ နင်တို့အတွက်လုပ်ပေးတာ၊ နင်တို့ဟာနင်တို့ သုံးချင်သလိုသာသုံးပေါ့၊ ငါနဲ့မှ မဆိုင်တာ။ ခုတော့ သူတို့အတွက် ဒီတေး ဒေါ့ကျူမန်တေးရှင်းပါ ရေးပေးနေရတယ်။ နင်တို့ အဆိုင်းမန့်က နင်တို့လုပ်တာလား၊ ငါလုပ်တာလား ပြောရမလိုဖြစ်နေပီ။

အဲဒီ အိုင်တီမန်နေဂျာ ဆိုတဲ့ ခွားမသေး ကုလားက ကျွန်မနဲ ကျောင်းနေဖက်၊ တစ်ခန်းတဲ တစ်တန်းတည်းက။ အမြဲတမ်း လိုက်လိုက်ပီး ပြိုင်နေတာ။ သူတစ်ခါဘူးမှ မနိုင်ဖူးဘူး။ သူက တက်ကနစ်ကယ် ဒရောရင်း ယူတယ်။ ကျွန်မက ပျုးဝါး ဆိုင်းရန့်၊ ဘိုင်အို၊ ကမ် နဲ့ ဖစ်စစ် ယူတယ်။ စာမေးပွဲတိုင်း သူက ကျွန်မထက် တစ်ဆင့်နိမ့်တယ်။ နောက်ဆုံး ဆုပေးပွဲမှာ ကျွန်မကိုလာပီး ဒီကလဲယားလုပ်သွားသေးတယ်။ မေ နင့်ကို သတ်ပြစ်ချင်တယ်၊ အရမ်းမုန်းတယ် တဲ့။ ယောက်ကျားကြီးတန်မဲ့ ဘေးနားက တပြစ်တောက်တောက် သူကျွန်မကို ဘယ်လောက် အမြင်ကပ်ကြောင်း လာလာပြောနေတာ လုံးဝမမေ့ဘူး။ ကျွန်မကတော့ ခပ်တည်တည်ပါပဲ။ သူ့ဟာသူ အသုံးမကျလို့ အင်္ဂလိပ်စာ နှစ်လုံးကွဲအောင် မပြောတတ်တဲ့ ကျွန်မကို မနိုင်တာ၊ ကိုယ့်ဟာကိုယ် သတ်သေဖို့ကောင်းတယ်။ အဲဒီတုန်းက ကျွန်မတို့ရောက်စဆိုတော့ အင်္ဂလိပ်စာ ကိုအရမ်းလိုက်ရတာ။ ကျွန်မ အရေးက ရတယ်၊ နားလည်အောင် ဝေ့ဝိုက်ပီး ရှင်တတ်တယ်၊ အပြောက မရဘူး။ ဟိုထစ် ဒီငေါ့ပဲ။ အဲလိုလူမျိုးကို သူမနိုင်တာ၊ သူအသုံးမကျလို့ဆိုတာ ရှင်းနေတာပဲ။ ထားပါတော့ သူ့က ကျွန်မကို သတ်ပြစ်ချင်လောက်အောင်မုန်းတယ့် လူတစ်ယောက်လို့တော့ အမြဲမှတ်မိနေပါတယ်။

ခု အလုပ်ခွင်မှာ ပြန်တွေ့ရတော့ သူက ကုမ်ပနီတစ်ခုရဲ့ အိုင်တီမန်နေဂျာ။ ကျွန်မက အခုလောလောဆယ် သူ့အဆိုင်းမန့်ကို ရေးပေးနေရတဲ့ အညတရ ပရိုဂန်မာ။ အိုင်တီမန်နေဂျာဆိုတိုင်းလဲ ကျွန်မက အထင်မကြီးပါဘူး။ သူ့ဟာသူ ဘာကြီး ညာကြီး ဆရာဝန်ကြီး၊ အရာရှိကြီး၊ ဘာကြီးဖြစ်ဖြစ် ကျွန်မဂရုမစိုက်တတ်ဘူး။ လူတစ်ယောက်ကို လေးစားတန်ရင် လေးစားမယ်။ အထင်ကြီးတန်ရင် အထင်ကြီးမယ်။ သူ့ဂုဏ်တွေ ဗျက်တွေနဲ့ မဆိုင်ဘူး၊ ထောက်နေစရာမလိုဘူး။ သူတောင်းစားဖြစ်နေလဲ လေးစားတန်ရင် လေးစားမှာပဲ။ ဆရာဝန်ကြီး၊ အရာရှိကြီး၊ ဖြစ်နေလဲ တစ်စက်ကလေးမှ အထင်မကြီးချင် မကြီးဘူးပဲ။ သူ့ အက်ရှင် အပေါ်မူတည်ပီး ဒီလူဘယ်လိုလူစားမျိုးလဲ ကိုယ်ဥာဏ်ရှိသလောက် စဉ်းစားစင့်ချိန်နိုင်တာပဲနော။

နောက်တခုက တခါတလေ ဘယ်လောက်ကြိုးစားကြိုးစား သူ့ကံနဲ့သူလာတာပါပဲ။ အချိတ်အဆက် ကောင်းကောင်းတစ်ခုရှိရင်ပီးတာပါပဲ။ တကယ်ကြိုးစားပီး အောင်မြင်နေတဲ့လူတွေရှိသလို၊ အရည်အချင်းမရှိ၊ သောက်သုံးမကျပဲ ဘော့စ်တက်ဖြစ်နေတဲ့ လူတွေလဲအများကြီးပါပဲ။ အင်း...အရည်အချင်းမရှိလို့တော့ ပြောလို့မရဘူးပေါ့လေ။ သူလဲ သူနေရာသူရောက်ဖို့၊ အတန်အတင့်တော့ ကြိုးစားလာရမှာပါပဲ။ ထားပါတော့၊ ခု ခံပြင်းတာက သောက်ကုလားက ကျေးဇူးတင် စကားတစ်ခွန်းတောင် မပြောဘူး။ တကယ်ဆို ဒါတွေကျွန်မလုပ်ပေးနေစရာမလိုဘူး။ ကျွန်မ ပရိုဂရမ်ပြီးရင်ပြီးပြီပဲ။ ယူစာ မန်နယူရယ်လောက်ပဲ ရေးပေးဖို့လိုတာ။ ခုဟာက တမင် အကြောကြီးနဲ့ လာနှိပ်ဆက်နေတာ။ သူတို့ကုမ်ပနီက နောက်ထပ် ပရောဂျက်တွေ ရနိုင်ဖို့ရှိတယ်၊ သူတို့ကျေနပ်အောင် မျက်နှာလှလှထားရမယ်ဆိုလို့သာ လုပ်စရာရှိတာကို ပြောစရာမရှိ သေသေချာချာလုပ်ပေးလိုက်ပါတယ်။ ကိုယ်လုပ်တာကို လူအထင်သေးမခံရအောင်၊ ငါလုပ်တာအကောင်းဆုံးဖြစ်ရမယ် ဆိုတဲ့ မာနလေးကလဲရှိနေတော့ ကိုယ်ပဲပိုပင်ပန်းခံပီးလုပ်ပေးလိုက်ပါတယ်။ ရင်ထဲမှာတော့ အတော်ခါးသားပဲ။

အင်း ဘလော့ဂ်မရေးတာ ကြာပီနောလို့ သူငယ်ချင်းတချို့ လာလာမေးလို့ ဒီမနက် အလုပ်နဲနဲပါးနေတုန်း စိတ်ထဲရှိရာလေးတွေ ချရေးလိုက်ပါတယ်။ ရင်ထဲက အခါးတွေကို ရှယ်ယာလိုက်လို့ နဲနဲပေါ့သွားသလိုပဲ။ ကဲကဲ ခုတော့ ဒီလောက်ပဲ၊ အလုပ်ကလေးတွေ ပြန်လုပ်လိုက်ဦးမယ်။ သင့်အတွက် ကောင်းသောနေ့ဖြစ်ပါစေရှင်။