တနေ့က သူငယ်ချင်းတစ်ယောက်ရဲ့ ဂျီတော့ခ် စတေးတက်စ် မှာရေးထားတယ်
"မာန တံခွန် မိုးသို့ချွန်လည်း၊ မစင်စွန့်က ဖင်ချွတ်ရ၏" တဲ့။
မှန်လိုက်လေ၊ တယ်တော်တဲ့စာပါလား ဆိုပီး ကောင်းကောင်းရီလိုက်ပါသေးတယ်။

ဒါနဲ့ ငါဆက်တွေးမိတယ်...

တချို့က ငါ့ကို ပြောကြတယ်၊ အဲဒီ စတေးတက်စ် တင်ထားတဲ့ သူငယ်ချင်း အပါအဝင်ပါပဲ၊
"နင် တယ်မာနကြီးပါလား" တဲ့၊ "နင်ကကြီးကျယ်တယ်ပေါ့" တဲ့။
တခါတလေ ငါစိတ်ကြည်နေတဲ့ အချိန်မှာ သူတို့စွတ်ဆွဲချက် မဟုတ်မှန်ကြောင်း ပြန်ငြင်းဆို၊ ရှင်းလင်းချက် ထုတ်တတ်ပါတယ်။
များသောအားဖြင့်ကတော့ ဘယ်သူတွေ ဘာလာပြောပြော ငါဂရုမစိုက်တတ်ဘူး။
အချိန်ကုန်ခံပီး ရှင်းပြချက်လဲ ထုတ်မနေနိုင်/ထုတ်မပြခဲ့ဘူး။

ငါ့ကိုယ်ငါ ခံယူချက်ကတော့ "ငါဟာ မာနကြီးသူ တစ်ယောက်မဟုတ်။
ငါဟာ လူမှုဆက်ဆံရေး အလွန်ညံ့ဖျင်းပြီး အတ္တကြီးသူ တစ်ယောက်သာဖြစ်တယ်" လို့ပါပဲ။
ငါသည် "ငါ" ဆိုသော စာလုံးတစ်လုံးထဲကိုသာ နားလည်သော အတ္တသမားတစ်ယောက်သာဖြစ်တယ်။
ငါ့ရဲ့ အတ္တကြီးမှုကို လူတော်တော်များများက မာနကြီးချင်းဖြစ်တယ် လို့အထင်လွဲ ခေါင်းဆင်တပ်ကြတယ်။
ငါ့မှာ "ငါ" ကလွဲလို့ ပြန်ပြောစရာ စကားလုံး မကြွယ်ဝဘူး။

ငါ့ကို အပိုစကားတွေ လာမပြောပါနဲ့။
ငါဟာ ငါအခင်ဆုံး၊ အတွယ်တာဆုံး "ငါ" နဲ့တောင်၊ မလိုရင် စကားအပို မပြောတတ်သူ။
ငါ သောက်သိပ်ဂရုမစိုက်တဲ့ မင်းတို့ပြောလာတဲ့ စကားပိုတွေကို စိတ်/ခေါင်းရှုပ်ခံ စဉ်းစားမနေနိုင်ဘူး။
ငါ့ အတ္တနဲ့ ငါ၊ ငါ့ ကမ္ဘာမှာ ပျော်မွေ့နေသူပါ။
ငါ့ အတွက် ငါ ဘယ်သူ့ကိုမှ မလိုအပ်(သေး)သလို၊ ငါ့ ကိုလဲ ဘယ်သူမှ မလိုအပ်ကြပါနဲ့ (ဦး)။

ငါဟာ အရပ်ပုသလောက် အလွန် စိတ်တိုတတ်တဲ့ မိန်းမတစ်ယောက်ပါ။
တခါတလေ ငါ တိတ်တဆိတ် ငြိမ်သက်နေမိပါတယ်။
ကောင်းသောငြိမ်သက်ခြင်း ဖြစ်နိုင်သလို၊ မကောင်းသောငြိမ်သက်ခြင်းလဲ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
အသေခြာဆုံးတခုကတော့ ငါ့ကိုယ်ငါ ခဏလေးအနားပေးလိုက်တာပါပဲ။

ငါ့မှာ လုပ်စရာတွေ အများကြီးရှိနေတယ်။
ငါအလုပ်များနေတဲ့အချိန်မှာ စကားအပိုတွေလာမပြောကြပါနဲ့၊
ငါ့နားထဲ တလုံးမှ ဝင်မှာမဟုတ်သလို၊ မင်းတို့လဲ အာညောင်းသက်သာအောင်လို့ပါ။

ခဏလောက် ငါ့ကိုလေ... တရားလာမဟောကြပါနဲ့ဦး။
အတ္တကြီးတဲ့ ငါ...
လောဘတွေး တွေး၊ ဒေါသတွေ မွေးပြီး၊ မောဟလဲ နဲနဲပွားလိုက်ပရစေဦး၊
အလွန်တိုတောင်းတဲ့ ကိလေသာ ကာမဘုံမှာ၊ ခဏလေး ငရဲယူ ပျော်မွေ့ပရစေ၊
ငါလုပ်ဖူးတယ်ရှိအောင် လုပ်လိုက်ကြည့်ချင်လို့ပါ။
ငါဟာ ဘုရားဖြစ်(ဆောက်)မယ့် အုတ်နီခဲ မဟုတ်သလို၊
ကျောင်းဆောက်၊ လမ်းဖောက်၊ နတ်ပြည်တက်ပြီး၊
သကြားမင်း မောင်ကြီး မာဃရဲ့ အမြှောင်မယားလဲ မလုပ်ချင်သေးဘူး။

အဲဒီလောက် မိုက်လုံးကြီးတဲ့ငါ့ကို၊ အပိုစကားတွေ လာမပြောပါနဲ့။
ငါ့ဒုက္ခနဲ့ငါ ခဏလေး လွှတ်ထားပေးလိုက်စမ်းပါ။
ငါ ဆင်ချင်ထုံတရား ရှိနေသေးသရွေ့တော့၊ ဒီ့ထက်မဆိုးအောင် ကြိုးစားနေမှာပါ။
ငါ့မှာ ဆပ်ရမယ့် ကျေးဇူးတွေ များလွန်းနေလို့၊ မင်းတို့ဆီမှာ ကျေးဇူးအကြွေး ထပ်မတင်ချင်တဲ့ ဆန္ဒသက်သက်ပါ။
တရားသဘော စိတ်မနောမှာ၊ မှတ်ယူမပြတ် နေ့စဉ်ကျက်ကြတဲ့ ကျေးဇူးရှင် လူကြီးမင်းများ၊
ဒီက အမိုက်မကို သဘောထားကြီးစွာ နားလည်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

ခဏတော့ ငါ့ရဲ့ ခပ်စွာစွာ စကားလုံးတွေကို ဝှက်ပီး၊ ငါငြိမ်ငြိမ်လေး ငေးနေပရစေ။
အလွန်ညိမ့်ညောင်းတဲ့ တိတ်ဆိတ်ခြင်းသံစဉ်ကို ငါခံစားကြည့်နေချင်းသာဖြစ်ပါတယ်။