Showing posts with label Random Thoughts. Show all posts
Showing posts with label Random Thoughts. Show all posts

Hunting Elephants and Tigers

နေ့လည်က အလုပ်နဲနဲအားသွားလို့၊ လျှောက်ကြည့်ရင်း ကဗျာနှစ်ပုဒ် ဖတ်ဖြစ်သွားတယ်။
တစ်ယောက်ရေးတာကို၊ နောက်တစ်ယောက်က ပြန်ခံစားရေးတဲ့ သဘောထင်တယ်။
ကျွန်မ နှစ်ပုဒ်လုံးကို၊ နားလည်အောင် ကြိုးစားပီး ခံစားကြည့်တယ်။
သိပ်နားမလည်လိုက်ဘူး။ ကိစ္စမရှိပါဘူး။
ကဗျာရေးသူကလဲ သူ့ခံစားမှုနဲ့သူ။ ဖတ်သူကလဲ ကိုယ့်ခံစားမှုနဲကိုယ်ပဲ။
အဓိပ္ပါယ် တသမှတ်ထဲ ထွက်စရာမလိုဘူး။ ဖတ်လို့ စိတ်ထဲ တမျိုးဖြစ်သွားရင် ပီးတာပါပဲ။
ကျွန်မလဲ ဖတ်ပီး "သိပ်နားမလည်လိုက်ဘူး၊ ခောင်းစဉ်ကတော့ မိုက်တယ်" ဆိုတဲ့ တမျိုးဖြစ်သွားတယ်။
အဲဒါနဲ့ပဲ သူတို့လို ဆင်ဖမ်း၊ ကျားဖမ်း၊ ဖမ်းကြည့်စမ်းမယ်ဆိုပီး၊ အားအားယားယား လက်သယမ်းလိုက်တယ်။

လာဟဲ့

ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်

ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်။
အကျပ်အတည်းများလှတဲ့၊ လက်တလော စီးပွားရေးစနစ်မှာ၊
ကျားရေကိုဆုတ်၊ ဆင်စွယ်ခုတ်ပီး၊ အပြတ်လူလုပ်ပစ်လိုက်မယ်။

တက်တူးမထိုးဘူး၊ သိုင်းကွက်မနင်းဘူး၊ စကားနဲတယ်။
ဆင်ပေါက်တို့ ထက် (အတွက်) တော့၊ ဓါးရဲပါတယ်၊
သွားဖြဲကာ၊ ချိုမကျိုးသ၍ ပေါ့။

ကြူံးဝါးပြီး၊ လုံးပါးပါး မသွားချင်ပါဘူးလေ၊
ရာဇာတွေ အာဏာ ထက်တော့၊ တက်စ် တွေအများကြီးဆောင်ရတတ်တယ်၊
တော်ကြာ မှောင်ခိုဈေးထဲ၊ ကြောင်သူခိုးဝင်ဖမ်းတာလဲ ခံရဦးမယ်။

သူ သေချင်သေ ကျေပစေ၊
ဘယ်သူနိုင်နိုင်၊ ငါမရှုံးဖို့ပဲ အရေးကြီးတယ်။

အကြံတူ၊ ရန်သူတွေ များသမို့၊
ဝမ်းထဲပဲ လျှိုထားရမယ်။

တိတ်တိတ်လေး နဲ့၊ နောက်မှပဲ အမြှောက်နဲ့ ဆော်မယ်။

ခုလောလောဆယ်တော့၊ ဒေဝါလီက၊
ဗျောက်အိုးနဲနဲ သွားဝယ်ထားတယ်။

သေစမ်းဟယ်။
သေကြစမ်းဟယ်။
ခွေးအူမှာတော့ နဲနဲကြောက်တယ်။
ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်။

မေဗလပ်စ်
၁၆၊ ၁၀၊ ၀၉ - ညနေ ၆း၀၀ နာရီ

လောလောဆယ်တော့ FarmVille ပေါ်မှာ ဆင် ၅ ကောင်ဖမ်းထားပြီးပီ။ ကျားတော့ ဘယ်နားလိုက်ရှာ ဖမ်းရမလဲမသိသေးဘူး။ ဟို neighbour အစ်မ တစ်ယောက်စီမှာ၊ ဆင်တပ်ကြီး တစ်တပ်တွေ့လို့ နဲနဲဖြုံသွားတယ်။ အကောင် ၃၀ ကျော်မယ်ထင်တယ်။ နည်းလေး၊ လမ်းလေး သွားမေးထားဦးမှ။

ဆင်စမွေးတော့ ဘာများရမလဲပေါ့နော၊ မျှော်တလင့်လင့်နဲ့။ ဆင်စွယ်ပဲ ဖြတ်ရောင်းရတော့မလိုလို၊ ဆင်မှီးပဲ နှုပ်ရောင်းရတော့မလိုလိုနဲ့၊ ရလဲရရော "collect circus peanuts" တဲ့...သေစမ်း။

တနေ့က သူငယ်ချင်းတစ်ယောက်ရဲ့ ဂျီတော့ခ် စတေးတက်စ် မှာရေးထားတယ်
"မာန တံခွန် မိုးသို့ချွန်လည်း၊ မစင်စွန့်က ဖင်ချွတ်ရ၏" တဲ့။
မှန်လိုက်လေ၊ တယ်တော်တဲ့စာပါလား ဆိုပီး ကောင်းကောင်းရီလိုက်ပါသေးတယ်။

ဒါနဲ့ ငါဆက်တွေးမိတယ်...

တချို့က ငါ့ကို ပြောကြတယ်၊ အဲဒီ စတေးတက်စ် တင်ထားတဲ့ သူငယ်ချင်း အပါအဝင်ပါပဲ၊
"နင် တယ်မာနကြီးပါလား" တဲ့၊ "နင်ကကြီးကျယ်တယ်ပေါ့" တဲ့။
တခါတလေ ငါစိတ်ကြည်နေတဲ့ အချိန်မှာ သူတို့စွတ်ဆွဲချက် မဟုတ်မှန်ကြောင်း ပြန်ငြင်းဆို၊ ရှင်းလင်းချက် ထုတ်တတ်ပါတယ်။
များသောအားဖြင့်ကတော့ ဘယ်သူတွေ ဘာလာပြောပြော ငါဂရုမစိုက်တတ်ဘူး။
အချိန်ကုန်ခံပီး ရှင်းပြချက်လဲ ထုတ်မနေနိုင်/ထုတ်မပြခဲ့ဘူး။

ငါ့ကိုယ်ငါ ခံယူချက်ကတော့ "ငါဟာ မာနကြီးသူ တစ်ယောက်မဟုတ်။
ငါဟာ လူမှုဆက်ဆံရေး အလွန်ညံ့ဖျင်းပြီး အတ္တကြီးသူ တစ်ယောက်သာဖြစ်တယ်" လို့ပါပဲ။
ငါသည် "ငါ" ဆိုသော စာလုံးတစ်လုံးထဲကိုသာ နားလည်သော အတ္တသမားတစ်ယောက်သာဖြစ်တယ်။
ငါ့ရဲ့ အတ္တကြီးမှုကို လူတော်တော်များများက မာနကြီးချင်းဖြစ်တယ် လို့အထင်လွဲ ခေါင်းဆင်တပ်ကြတယ်။
ငါ့မှာ "ငါ" ကလွဲလို့ ပြန်ပြောစရာ စကားလုံး မကြွယ်ဝဘူး။

ငါ့ကို အပိုစကားတွေ လာမပြောပါနဲ့။
ငါဟာ ငါအခင်ဆုံး၊ အတွယ်တာဆုံး "ငါ" နဲ့တောင်၊ မလိုရင် စကားအပို မပြောတတ်သူ။
ငါ သောက်သိပ်ဂရုမစိုက်တဲ့ မင်းတို့ပြောလာတဲ့ စကားပိုတွေကို စိတ်/ခေါင်းရှုပ်ခံ စဉ်းစားမနေနိုင်ဘူး။
ငါ့ အတ္တနဲ့ ငါ၊ ငါ့ ကမ္ဘာမှာ ပျော်မွေ့နေသူပါ။
ငါ့ အတွက် ငါ ဘယ်သူ့ကိုမှ မလိုအပ်(သေး)သလို၊ ငါ့ ကိုလဲ ဘယ်သူမှ မလိုအပ်ကြပါနဲ့ (ဦး)။

ငါဟာ အရပ်ပုသလောက် အလွန် စိတ်တိုတတ်တဲ့ မိန်းမတစ်ယောက်ပါ။
တခါတလေ ငါ တိတ်တဆိတ် ငြိမ်သက်နေမိပါတယ်။
ကောင်းသောငြိမ်သက်ခြင်း ဖြစ်နိုင်သလို၊ မကောင်းသောငြိမ်သက်ခြင်းလဲ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
အသေခြာဆုံးတခုကတော့ ငါ့ကိုယ်ငါ ခဏလေးအနားပေးလိုက်တာပါပဲ။

ငါ့မှာ လုပ်စရာတွေ အများကြီးရှိနေတယ်။
ငါအလုပ်များနေတဲ့အချိန်မှာ စကားအပိုတွေလာမပြောကြပါနဲ့၊
ငါ့နားထဲ တလုံးမှ ဝင်မှာမဟုတ်သလို၊ မင်းတို့လဲ အာညောင်းသက်သာအောင်လို့ပါ။

ခဏလောက် ငါ့ကိုလေ... တရားလာမဟောကြပါနဲ့ဦး။
အတ္တကြီးတဲ့ ငါ...
လောဘတွေး တွေး၊ ဒေါသတွေ မွေးပြီး၊ မောဟလဲ နဲနဲပွားလိုက်ပရစေဦး၊
အလွန်တိုတောင်းတဲ့ ကိလေသာ ကာမဘုံမှာ၊ ခဏလေး ငရဲယူ ပျော်မွေ့ပရစေ၊
ငါလုပ်ဖူးတယ်ရှိအောင် လုပ်လိုက်ကြည့်ချင်လို့ပါ။
ငါဟာ ဘုရားဖြစ်(ဆောက်)မယ့် အုတ်နီခဲ မဟုတ်သလို၊
ကျောင်းဆောက်၊ လမ်းဖောက်၊ နတ်ပြည်တက်ပြီး၊
သကြားမင်း မောင်ကြီး မာဃရဲ့ အမြှောင်မယားလဲ မလုပ်ချင်သေးဘူး။

အဲဒီလောက် မိုက်လုံးကြီးတဲ့ငါ့ကို၊ အပိုစကားတွေ လာမပြောပါနဲ့။
ငါ့ဒုက္ခနဲ့ငါ ခဏလေး လွှတ်ထားပေးလိုက်စမ်းပါ။
ငါ ဆင်ချင်ထုံတရား ရှိနေသေးသရွေ့တော့၊ ဒီ့ထက်မဆိုးအောင် ကြိုးစားနေမှာပါ။
ငါ့မှာ ဆပ်ရမယ့် ကျေးဇူးတွေ များလွန်းနေလို့၊ မင်းတို့ဆီမှာ ကျေးဇူးအကြွေး ထပ်မတင်ချင်တဲ့ ဆန္ဒသက်သက်ပါ။
တရားသဘော စိတ်မနောမှာ၊ မှတ်ယူမပြတ် နေ့စဉ်ကျက်ကြတဲ့ ကျေးဇူးရှင် လူကြီးမင်းများ၊
ဒီက အမိုက်မကို သဘောထားကြီးစွာ နားလည်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

ခဏတော့ ငါ့ရဲ့ ခပ်စွာစွာ စကားလုံးတွေကို ဝှက်ပီး၊ ငါငြိမ်ငြိမ်လေး ငေးနေပရစေ။
အလွန်ညိမ့်ညောင်းတဲ့ တိတ်ဆိတ်ခြင်းသံစဉ်ကို ငါခံစားကြည့်နေချင်းသာဖြစ်ပါတယ်။

ကျန်းခန့်သာလို့ မာပါစရှင်...မရေးတာကြာလို့ ရေးလိုက်ပါဦးမလားလို့...

ဒီမှာ ခုလေးတင် ကျွန်မတို့ ညစာစားပီးပါတယ်။ စားပီးတိုင်း လုပ်နေကြ ရန်စချင်းအလုပ်ကို ကျွန်မမောင်က စတင်လိုက်ပါတယ်။

"မစု ဝါ့ခ်ျ မိုင် ဒစ်ချက်စ်၊" အသံပြက်နဲ့ မထီမဲ့မြင် ခပ်ထန်ထန်ပြောပြီး သူ့ ပန်းကန်ကိုကျွန်မစေးနေတဲ့ဘေးမှာ လာပြစ်တင်လိုက်တယ်။

ကျွန်မကလဲ ပြန်ပြောနေကျ "နိုး၊ အိုင် ဒုံ့ လိုက်ခ် ယူ" ဆိုပီး ခပ်ထန်ထန်ပြန်ပြောလိုက်တယ်။ သူကလဲ အားကျမခံ "ယူ ဒုံ့ နိ တူ လိုက်ခ် မီ၊ ဂျက်စ် ဝါ့ခ်ျ မိုင် ဒစ်ချက်စ်" ဆိုပီး ပြန်ပက်ပါရော။ ကျွန်မက "ဒိုင်း ယူ အိဒိယက်" လို့ပြန်ကောလိုက်တာကို သူက နင့်ကိုနားမထောင်နေဘူး၊ ငါမကြားဘူး၊ လုံးဝဂရုမစိုက်ဘူးဆိုတဲ့ စတိုင်မျိုးနဲ့ "ဖခ်ျရှီးးး(ရှူးး)" ဆိုပီး သံတွေးဆင်အောင် မှုတ်သွားပါတယ်။

ကျွန်မကလဲ အောင်မာဘယ်ရမလဲပေါ့ ဒါမျိုးငါ့ကို လာကြောလို့ရစတမ်းလားဆိုပီး သူ့ရဲ့ "ဖခ်ျရှီးးး(ရှူးး)" လေမှုတ်သံကို ဗမာငပိသံဖမ်းပီး "ဘွတ်၊ ချွတ်၊ ဒိုင်း။ ဒိုင်း ယူ စတုပစ်" ဆိုပီး အပြန်အလှန် ရန်တွေ့ပြစ်လိုက်တာပေါ့။

အင်း...ပန်းကန်စေးရင်း သူတပြန် ကိုယ်တပြန် လေကုန်ခံ ရန်ဖြစ်တမ်း ကစားပြီးသကာလ ခဏအကြာတော့...ကျွန်မခေါင်းထဲ...
အက်ဒီဆင် လျှက်စစ်မီး တီထွင်လို့ ရသွားသလို "တွင်င်ငင်ငင်" ဆိုပီး မီးလုံးလေးပွင့်၊
အာခီမီဒီး ကိုယ်လုံးတီးနဲ့ ရေချိုးကန်ထဲကထ "ယူရစ်ကာ" လို့ထအော်သလို၊ တယ်တော်တဲ့ငါလဟဲ့ ခုမှပဲသဘောက်ပေါ သဘောပေါက်တော့တယ်ဆိုပီး၊ ကလေးဘဝဆိုခဲ့တဲ့ အီးဘွတ်တရာဟောတမ်း အကြောင်းကို ပြန်ပြောင်းအောင့်မေ့ပီး၊ အငယ်ကောင်ကို ရှင်းလင်းတမ်းထုတ်လိုက်ပါတော့သည်။

"အိုး အိုး ယူနိုး၊ အိုင် ဂျက်စ် ရီရရ်လိုက်ဇ် ဟောင်း စမါ့ တဲ ကစ်ဒ် အာ" ဗမာကလေးငယ်တွေ ဘယ်လောက်တော်ကြောင်း၊ နိုင်ငံခြားရေးရာ ဗဟုသုတ အလွန်ရှိကြောင်း၊ အတွေး အခေါ် အလွန်ပြောင်မြောက်ကြောင်း ချီးမွမ်းခမ်း ထုတ်လိုက်တာပေါ့။

ဒီလိုလေ...
ကျွန်မတို့ ကလေးတုန်းက လက်ညှိုးထိုးကဗျာဆိုခဲ့ပါရောလား... "အီး အီး ဘယ်သူပေါက်၊ မောင်ပေါက်၊ ပေါက်တဲ့လူ မှန်မှန်ပြော အီးဘွတ်တရာဟော။ ဟောလို့မသေ သံပရာရည်၊ ဘွတ်၊ ချွတ်၊ ဒိုင်း" ဒိုင်းလို့ လက်ညှိုးအထိုးခံရသူကို အီးပေါက်တဲ့လူဆိုပီး တရားစီရင်ကြပါရောလား။ (ခုခေတ်ကလေးတွေ အီးပေါက်ကောင်ဘယ်လိုဖော်သလဲမသိပါ)

ခုပြန်စဉ်းစားကြည့်မှ ဒီကဗျာရေးတဲ့သူဟာ ဘယ်လောက်တော်ကြောင်း သဘောပေါက်မိတော့တယ်။ သူဟာ နိုင်ငံခြားရေးရာ အမြင် အလွန်ရှေ့သွားတဲ့သူပဲ။ အကြားအမြင်လဲ နဲနဲပေါက်နေပုံရတယ်။ အင်္ဂလိပ် စကားလဲ အတော်အတန် တတ်ပုံပဲ။ ကြည့်ပါလား ဟိုတနေ့တုန်းကတင် အမေရိကန် သမ်မတဟောင်းဖြစ်သွားတဲ့ မစ်စတာ ဘွတ်ခ်ျ ကို မေတ်တာပို့ထားတာ။ အတော်စိတ်ကြီးတာပါ သူက ကဗျာထဲမှာ မက်ဆေ့ခ်ျ ထည့်ပီး ရေးထားတာ၊ "ဘွတ်ခ်ျ ရွှတ် ဒိုင်း" တဲ့။ မစ်စတာ ဘွတ်ခ်ျ သေသင့်ကြောင်း ကလေးတွေရဲ့ အီးပေါက်တရားဟောစာတမ်းထဲထည့်ပီး သူ့ကို ဘယ်လောက်ကြည်ညိုကြောင်း မေတ်တာ ပို့လိုက်တာပဲနော်။

အင်း အင်း...ဒါနဲ့တင် မပီးဘူး...ကျွန်မရဲ့ အနေနိုင် မထိုင်နိုင် အကျင့်လေးအရ ဒါလေးတွေ ဆက်တွေးမိပါရောလား။ (သည်းခံကြပါ၊ အရူး အတွေးကြောက နဲနဲရှည်တယ်)

ကျွန်မအဲ့ဒီကဗျာကိုဆိုခဲ့တုန်းက ၆နှစ်၊ ၈နှစ်၊ နှပ်ချီးတွဲလောင်းအရွယ်ပေါ့။ (မှတ်ချက်။ ကျွန်မနှပ်ချီး မတွဲလောင်းခဲ့ပါ။ ကလော်ပဲ ကလော်ခဲ့ပါသည်။ "ဖစ်ဂါ အော့ဖ် စပိခ်ျ" မျှသာဖြစ်ပါသည်) အဲဒီတုန်းက မှတ်မိသလောက်ဆို ၄၂ ယောက်မြောက် သမ်မတ ဘေး ကလင်တန် ပေါ့။ ၄၃ ယောက်မြောက် ဘွတ်ခ်ျ ကဘယ်နေမှန်း မသိသေးဘူး၊ ကဗျာကလဲ ပေါ်တာအတော်ကြာနေပီဖြစ်ပုံရတယ်...ဆိုတော့...

သေသေချာချာ သုံးသပ်ကြည့်တော့ ဒီ ဘွတ်ခ်ျကို ပြောတာမဖြစ်နိုင်ဘူး။ အခု ဘွတ်ခ်ျရဲ့ ခမည်းတော် ဘဘကြီး ဘွတ်ခ်ျ၊ ၄၁ ယောက်မြောက် သမ်မတ၊ အတွက်ဆပ်ထားတာ ပိုဖြစ်နိုင်တယ်။ အဖေရော၊ သားရော ကံဆပ်ကြတယ်ထင်တယ်၊ သူတို့ သမ်မတ သက်တမ်းမှာ စစ်ဖြစ်ရတယ် ဆိုတော့ သူတို့ကို အလိုတူတဲ့လူတွေရှိသလို၊ စောဏက အီးဘွတ်တရား ကဗျာဆရာလို အမြင်ကပ်တဲ့လူတွေလဲ ရှိမှာပေါ့နော။ အင်း ထားပါတော့ ဘယ် ဘွတ်ခ်ျပဲဖြစ်ဖြစ် ကဗျာလေးက နှစ်ယောက်စလုံးနဲ့ အလွန်းတင့်သွားတာပဲဆိုပီး ချီးကျူးရင်း ကျွန်မအတွေး အမျှင်တမ်းကို အဆုံးသပ်လိုက်ပါတော့သည်။

စာကြွင်း။
ဒါလေးကတော့ ဒီပိုစ့်ကိုရေးနေတုန်း ကျွန်မမှတ်သားလိုက်ရတယ် စာတိုစာစလေးပါ။

ကျွန်မ။ ဟေး ဟေး ဖိုးသား "ဖစ်ဂါ အော့ဖ် စပိခ်ျ" ကို မြန်မာလို ဘာခေါ်လဲ။
(...)

မေကြီး။ ခိုင်းနှိုင်းတာလား
ကျွန်မ။ ခိုင်းနှိုင်းတာ?...အင်း နီးစပ်တယ်...ဒါပေမယ့် တမျိုးပဲ နောက်ထပ် အသုံးအနှုံးမရှိဘူးလား...ဟင် ဖေကြီး?

ဖေကြီး။ ရူပကလင်္ကာ
ကျွန်မ။ ဟမ်...ဘာကြီး?

ဖေကြီး။ ရူပကလင်္ကာခေါ်တယ်၊ သတန်ဆင်တဲ့ဟာကိုပြောတာ။
ဦးပုံညရဲ့ ရေသည်ပြဇာတ်ရှင်းတမ်းထဲမှာ ပြောသလို...
ဆံထုံးတော်ကြီး၊ တမာသီးနှင့်၊
ခါးဆီးဝတ်လဲ၊ ချုပ်စပြဲကို၊
တဲအပ်နှင့်တွယ်၊
မြင်မြင်သမျှ စိတ်ပျက်အောင် လှပါတဲ့...
အဲဒီမှာ ဆံထုံးတော်ကြီး တမာသီး က ဖစ်ဂါအော့ဖ် စပိခ်ျ၊ သမားသီးသတန်ရှိတဲ့ ဆံတုံး လို့ပြောတာ။
"ကဲ့သို့" လို့စကားလုံးပါရင် ဥပမာဖြစ်သွားတယ်၊ "ကဲ့သို့" စကားလုံးမပါရင် ရူပကဖြစ်သွားတယ်၊ ယှဉ်ပီးပြတာ။
ဥပမာ...လေဆင်နှမောင်း - ဆင်နှမောင်းသတန် လေ၊
သံသရာ ချားရဟက်၊
သုံးရက်လ၊ ခုံးမျက်စ၊ ရူပကာ အသွင်...အကုန်လုံး ရူပကလင်္ကာတွေပဲ အင်း အများကြီးပဲ ငါလဲမေ့ကုန်ပီ။

ကျွန်မ။ (...) အာ...မေကြီး စောဏတုန်းက ဘာပြောတယ်၊ ခိုင်းနှိုင်းတာ ဟုတ်လား?

အီတွင် သတင်းများကို ကြေညာလို့ပြီးပါပီ။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေရှင်။ :D

Zoya Flourish Winter 2008

Not really into nail polish cos' my finger nails are too tiny and I'm very impatient and messy at polishing. Nevertheless I love these colors, "Richelle" and "Shivon" from "Zoya Flourish Winter 2008" set. $6 each...not bad I guess.

Richelle

Shivon

Images via. All lacqured up. For detail review, visit: All Lacquered Up.

ရဖ်ဖရန့် ပေးခြင်း

တလောက နယူးဇီလန်ကို ပြောင်းသွားတဲ့ အိက်စ်ကောလိ က ဟိုမှာ အလုပ်လျှောက်နေတာ၊ သူ ကျွန်မကို ရဖ်ဖရန့် တပ်ထားတာ မသိလိုက်ဘူး။ သူကလဲကြိုကြိုတင်တင် မပြောထားဘူး။ ဒါနဲ မနေ့တုန်းက နယူးဇီလန် ရီခရုမန့် အေဂျန်စီက တယောက်က ကျွန်မစီ ဖုန်းလှမ်းဆက်ပီး ဟိုမေးဒီမေး မေးတယ်။ အလုပ်ထဲရောက်ပီး နဲနဲမအားလို့ ခပ်တိုတိုဖြေပီး မေးခွန်းတွေကို မေးလ်ကနေ ဖြေမယ်လို့ပြောလိုက်တယ်။ အိက်စ်ကောလိရဲ့ သူငယ်ချင်းတွေက ဘေးမှာအကုန်ရှိတော့၊ တော်ကြာ ကျွန်မ သူ့မကောင်းကြောင်းပြောရင် ပြန်ပြောနေမှာ။ ရဖ်ဖရန့် ပေးတာ ပရိုက်ဗစ်စီ ရှိဖိုလိုတယ်။ ဒီလူ မကောင်းရင်၊ မကောင်းဘူးပြောတာပဲကောင်းတယ်။ ကိုယ်က အားနာပါးနာနဲ့ ကောင်းပါကြောင်း၊ တော်ပါကြောင်း သွားပြောပီးမှာ သူ့ကို တကယ်လဲ ခိုင်းရော ဘာမှမလုပ်တတ်ဘူးဆိုရင် ရဖ်ဖရန့် ပေးတဲ့လူပါ အပြစ်ဖြစ်မှာပေါ့နော။ အဲတော့ ကျွန်မက တော်ရုံပဲဖြေတယ်။

ရဖ်ဖရန့် လိုချင်ရင် သူကအရင်ဆုံး ကိုယ့်ကို အသိပေးရမှာပေါ့။ သူ့ကို ကြိုက်တယ် ဆိုရင် အေး ရပါတယ်၊ အချင်းချင်းတွေပဲ နင်ကောင်းကြောင်း ဝမ်းသာအားရ အမွန်းတင်ပေးရတာပေါ့ ဆိုပီး လိုလိုချင်ချင်ပေးမှာပေါ့။ သူ့ကို မကြိုက်ဘူးဆိုရင်တော့ နဲနဲ ဝေ့ဝှိုက်ငြင်းရတာပေါ့။ မကြိုက်ပါဘူးဆိုမှ သူ့ကောင်းကြောင်း ဘယ်လိုလုပ်ရေးရမလဲနော။ သူမကောင်းတာကြီးကို ကောင်းပါတယ်လို့ ရေးလဲမဟုတ်၊ မကောင်းတာကြီး ကို မကောင်းပါဘူး၊ လုံးဝ သူ့ကို မကြိုက်ပါဘူး တဲ့တိုးကြီးရေးရင်လဲ မျက်နှာပူစရာ၊ အားနာစရာ။ ကိုယ် မကောင်းပြောလိုက်လို့ သူဒီအလုပ်မရဘူးဆိုပီး ကိုယ့်အပြစ်လုပ်ခံနေရအုံးမယ်နော။ အဲတော့ ပထမထဲက အရင်အသိပေးပီး သူတို့ အိုကေတယ် ဆိုမှာ ရဖ်ဖရန့် တတ်ဖို့ကောင်းတယ်။ ထားပါတော့။

အခု ကျွန်မ ဒီလူ့ကို ဘယ်လိုကောင်းအောင်ပေးရမှန်းလုံးဝ မစဉ်းစားတတ်ဘူးဖြစ်နေတယ်။ ပြောရရင် လုံးဝ ရဖ်ဖရန့် မပေးချင်ဘူး။ သူကလဲ လယ်တယ်။ သူ့ကို မကြိုက်တဲ့၊ ဘော့စ်နဲ့၊ ပရောဂျက် မန်နေဂျာ စီမှာ မတောင်းဘူး၊ သူနဲ့ နဲနဲ အလွှန်းသင့်တဲ့ တင်းမ်လိဒါ နဲ့၊ ကျွန်မ - စီနီယာ ဒီဖလော့ပါ စီမှာလာတောင်းထားတယ်။ ပြောရရင် ဒီကောင် တခုမှ ဟုတ်တိပတ်တိမတတ်ဘူး၊ အပျင်းကလဲထူ၊ ခိုင်းလိုက်ရင်လဲ တခုမှကောင်းကောင်းထွက်မလာဘူး။ ပြီးရင် ပြီးတာပဲဆိုတဲ့သဘောနဲပဲလုပ်တယ်။ သူ့မှာ လုံးဝ သူလုပ်ရတဲ့ အလုပ်အပေါ် ကောင်းစေချင်စိတ်၊ စေသနားထားဖို့စိတ်မရှိဘူး။ ဒါမဟုတ်သေးဘူး ပြန်လုပ်ဆိုရင် မျက်နှာက ဆူပုတ်ပုတ် ပြန်ရန်လုပ်ချင်တဲ့ ပုံနဲ့။ အထူးသဖြင့် ကျွန်မခိုင်းတဲ့ အလုပ်ကို ပိုမလုပ်ချင်တဲ့ အချိုးအမြဲပေးတယ်။ သူထက် ကျွန်မ အသက်အားဖြင့် တော်တော်ငယ်တာ တကြောင်း၊ မိန်းကလေး (အမြင်အားဖြင့် ဂျပု ခပ်ဆုတ်ဆုတ် နုံချာချာ လူသေးသေး) တယောက်က သူ့ကို အခိုင်းခံရတာတကြောင်း၊ ဟိုအကြောင်း ဒီအကြောင်း ပေါ့နော၊ ကျွန်မ ခိုင်းရင် အချိန်ဆွဲပီး မပီးနိုင်တော့ဘူး။ ဒီကလဲ အချိန်ဆွဲရင် လုံးဝ ကြည့်လို့ရတာ မဟုတ်ဘူး။ ၂နာရီ လုပ်ရင်ပြီးရမယ့် အလုပ်တခုကို၊ တနေ့ မပီး နှစ်နေ့ မပီး ဆိုရင်မဟုတ်တော့ဘူး။ ကိုယ် မအားလို့ အားနေတဲ့ သူ့ ခိုင်းပါတယ်၊ အလုပ်တောင် ပိုနှောင့်နှေးသွားသေးတယ် ဆိုပြသနာနော။ သူအလုပ်တွေ ရှုပ်နေလို့ ခိုင်းထားတာမပီးဘူးဆိုလဲ ဖြေသာသေးတယ်။ ခုဟာက သတိရလို့ လှမ်းကြည့်လိုက်တိုင်း ဂမ်းကစားနေလိုက်၊ ချက် နေလိုက်ပဲ တွေ့တွေ့နေရတယ်။ ကျွန်မတို့ ရုံးက ဘာမှ ပိတ်မထားတော့ ကစားချင်တာ ကစား၊ လုပ်ချင်တာ လုပ်နေလို့ရတယ်။

ဒါနဲ တခါက စိတ်တိုပီး ဘော့စ်ရှေ့မှာတင် နင်လုပ်တာ မဟုတ်သေးဘူး၊ နင်ဆီကို ပြန်လာလာစစ်နေရတာနဲ့ ငါအချိန်တွေပါ ပုတ်တယ်။ ဒီအလုပ် မပီးရင် နင့်တာဝန်ပဲဆိုပီး တဲ့တဲ့ပြောပလိုက်တယ်။ အဲတော့ ဘော့စ်က သူကို မင်းဘာတွေနဲ အလုပ်များနေလဲ၊ ဘာလဲ၊ ညာလဲ မေးတော့မှ၊ အိုး ပီးတော့မှာပါဆိုပီး ပေါက်တကရ စကားအချိုသွေးတယ်။ ဘော့စ်လဲ သွားရော ကျွန်မကိုလာပီး၊ မေ နင် တော်တော် စကားများတာပဲ၊ အာကျယ်အာကျယ် ဘစ်မေါက်သ် ဆိုပီး လာ အတွန့်တက်တယ်။ ဟား အများကြီးပဲ ပြောရရင်၊ ဒီကောင်နဲလုပ်ရတဲ့ အလုပ် တခုမှ အစဉ်မပြေဘူး။ ကျွန်မတယောက်ထဲ မဟုတ်ဘူး၊ သူနဲ့ တွဲလုပ်သမျှလူတွေအားလုံး သူ့အကြောင်းသိတယ်။ အမလေး အလုပ်သာ ကောင်းကောင်းမလုပ်တတ်တာ၊ လေပန်းရမယ့်နေရာ၊ ဟိုယောင်ယောင် ဒီယောင်ယောင် တတ်ယောင်ဝါး ဘူးလ်ရှစ် လုပ်တဲ့ နေရာမှာတော့ ကိုယ်တော်က တော်မှတော်။ အော် ဘူးလ်ရှစ် ကောင်းကောင်းလုပ်တတ်ခြင်းသည်လဲ၊ အတတ်ပညာတခုပါပဲလေဆိုပီး အဲဒီနေရာမှာတော့ သူ့ကို ဆရာတင်လိုက်ပါတယ်။

အဲလို လူစားမျိုးအတွက် တောင်းလာတဲ့ ရဖ်ဖရန့် ကို ကျွန်မ ဘယ်လို ကောင်းကောင်း ပေးရမလဲ။ သူ့ ဝမ်းစာရေးကို ကိုယ် အနှောက်အရှက် မပေးချင်ပါဘူးလေ ဆိုပီး တော်ရုံလောက် ဟိုလိမ် ဒီလိမ် ပေးလိုက်ပါတယ်။ ကျွန်မ ပြန်စာ မေးလ် ရေးနေတုန်းမှာပဲ ကိုယ်တော်က ဂျီတော့ပေါ်က လှမ်းပြောတယ်။ ဟေး မေ၊ နင့်ဆီကို တစ်ယောက်ယောက် ဖုန်းဆက်ပီး ရဖ်ဖရန့် တောင်းရင်၊ ကောင်းကောင်းလေး ပေးလိုက်စမ်းပါ၊ နဲနဲပါးပါး ဘူးလ်ရှစ်လိုက်ပေါ့နော တဲ့၊ အိုင် အမ် ကောင့်တင်း အွန် ယူ တဲ့။

အော် ဟုတ်ကဲ့ ရှင့် ကျွန်မ တတ်နိုင်သလောက် ဘူးလ်ရှစ်ပေးလိုက်ပါမယ်လို့ ဂတိပေးလိုက်ရတယ်။
ကဲကဲ သကောင့်သား၊ ကျန်းမာပါစေ၊ ချမ်းသာပါစေ။ ငါပဲ ကုသိုလ် တစ်ပဲ၊ ငရဲ တစ်ပိသာ ယူလိုက်ပါတယ်လေ။

လက်ရှိ ခါးသည်းချက်များ

ခုတလော ဘလော့လုပ်ဖို့ လုံးဝစိတ်မဝင်စားနှိုင်ဘူးဖြစ်နေတယ်။ ပရောဂျက် ၃ခုတပြိုင်ထဲကိုင်နေရတယ်။ ဟိုတယောက်ကလဲ သူ့ပရောဂျက်ကို ဦးစားပေးလုပ်စေချင်၊ ဒီတယောက်ကလဲ သူ့ပရောဂျက်ကို ဦးစားပေးလုပ်စေချင်နဲ့ လုပ်ရတဲ့လူမှာ ချာချာကိုလည်နေတာပဲ။ ဒီကြားထဲ တခြားတယောက်ကိုင်နေကြ မိန်တန်နန့်စ် စပို့ ကလဲ လုပ်ပေးရသေးတယ်။ အဲဒီ ဒဗလော့ပါ ကဟိုတလောက အလုပ်ကထွက်သွားတော့ သူလုပ်နေကျဟာတွေပါ ကိုယ့်စီရောက်လာတယ်။ လူသစ်တစ်ယောက်တော့ ခေါ်ထားပါရဲ့ တခုမှ မတတ်သလောက်ရှိတဲ့ လူဖြစ်နေတော့ သူ့ကိုခိုင်းရင် ရှင်းပြရတာနဲတင် အချိန်သိပ်ကုန်တယ်။ ကိုယ်တိုင်လုပ်တာက ပိုမြန်ပါသေးတယ်ဆိုပီး ဟိုဟာလဲ ကိုယ့်ဟာကိုယ်လုပ်၊ ဒီဟာလဲ ကိုယ့်ဟာကိုယ်လုပ်နဲ့ လူလဲရူးချင်ချင်ဖြစ်လာတယ်။ ဒီကြားထဲ ပရောဂျက်မန်နေဂျာဆိုတဲ့ ဂတုန်း၊ မုတ်ဆိတ်မွေးထူလဗြစ်နဲ့ ခွားမသေးက လာလာပီး ဒီမန်းလုပ်ချင်သေးတယ်။ ရှိသမျှမုတ်ဆိတ်မွေးတွေ ဆောင့်ဆွဲပီး ဘယ်ပြန်၊ ညာပြန်၊ ငါတယ် လုပ်လိုက်ရ ကောင်းတော့မယ်။ အလုပ်တွေရှုပ်လို့ စိတ်တိုနေတာ တော်တော်ကြာပီ။ စိတ်တိုတုန်း စကာမပြောတာပဲကောင်းတယ်။ တော်ရာလူကော၊ မတော်ရာလူကော ကိုပါ ဘုဂွစာ တွေပဲ ပြန်ပြောမိမှာ။

အလုပ်များပါတယ်ဆိုမှ သူများ လုပ်ရမဲ့ ပို့စ်ဂရက် အဆိုင်းမန့်ကိုပါ လိုက်လုပ်ပေးနေရသေးတယ်။ ကျွန်မ အခုလုပ်နေတဲ့ ပရေဂျက်တစ်ခုရဲ့ ကာ့စတန်မာ မှာသူတို့ရဲ့ အိုင်တီမန်နေဂျာ နဲ့ နောက်ကောင်မလေးတစ်ယောက်က ပို့စ်ဂရက် တက်နေတာ၊ သူတို့ အဆိုင်းမန့်မှာ ကျွန်မလုပ်တဲ့ ပရိုဂရမ်ကို ယူသုံးမလို့တဲ့။ ယူချင်ယူပေါ့၊ နင်တို့အတွက်လုပ်ပေးတာ၊ နင်တို့ဟာနင်တို့ သုံးချင်သလိုသာသုံးပေါ့၊ ငါနဲ့မှ မဆိုင်တာ။ ခုတော့ သူတို့အတွက် ဒီတေး ဒေါ့ကျူမန်တေးရှင်းပါ ရေးပေးနေရတယ်။ နင်တို့ အဆိုင်းမန့်က နင်တို့လုပ်တာလား၊ ငါလုပ်တာလား ပြောရမလိုဖြစ်နေပီ။

အဲဒီ အိုင်တီမန်နေဂျာ ဆိုတဲ့ ခွားမသေး ကုလားက ကျွန်မနဲ ကျောင်းနေဖက်၊ တစ်ခန်းတဲ တစ်တန်းတည်းက။ အမြဲတမ်း လိုက်လိုက်ပီး ပြိုင်နေတာ။ သူတစ်ခါဘူးမှ မနိုင်ဖူးဘူး။ သူက တက်ကနစ်ကယ် ဒရောရင်း ယူတယ်။ ကျွန်မက ပျုးဝါး ဆိုင်းရန့်၊ ဘိုင်အို၊ ကမ် နဲ့ ဖစ်စစ် ယူတယ်။ စာမေးပွဲတိုင်း သူက ကျွန်မထက် တစ်ဆင့်နိမ့်တယ်။ နောက်ဆုံး ဆုပေးပွဲမှာ ကျွန်မကိုလာပီး ဒီကလဲယားလုပ်သွားသေးတယ်။ မေ နင့်ကို သတ်ပြစ်ချင်တယ်၊ အရမ်းမုန်းတယ် တဲ့။ ယောက်ကျားကြီးတန်မဲ့ ဘေးနားက တပြစ်တောက်တောက် သူကျွန်မကို ဘယ်လောက် အမြင်ကပ်ကြောင်း လာလာပြောနေတာ လုံးဝမမေ့ဘူး။ ကျွန်မကတော့ ခပ်တည်တည်ပါပဲ။ သူ့ဟာသူ အသုံးမကျလို့ အင်္ဂလိပ်စာ နှစ်လုံးကွဲအောင် မပြောတတ်တဲ့ ကျွန်မကို မနိုင်တာ၊ ကိုယ့်ဟာကိုယ် သတ်သေဖို့ကောင်းတယ်။ အဲဒီတုန်းက ကျွန်မတို့ရောက်စဆိုတော့ အင်္ဂလိပ်စာ ကိုအရမ်းလိုက်ရတာ။ ကျွန်မ အရေးက ရတယ်၊ နားလည်အောင် ဝေ့ဝိုက်ပီး ရှင်တတ်တယ်၊ အပြောက မရဘူး။ ဟိုထစ် ဒီငေါ့ပဲ။ အဲလိုလူမျိုးကို သူမနိုင်တာ၊ သူအသုံးမကျလို့ဆိုတာ ရှင်းနေတာပဲ။ ထားပါတော့ သူ့က ကျွန်မကို သတ်ပြစ်ချင်လောက်အောင်မုန်းတယ့် လူတစ်ယောက်လို့တော့ အမြဲမှတ်မိနေပါတယ်။

ခု အလုပ်ခွင်မှာ ပြန်တွေ့ရတော့ သူက ကုမ်ပနီတစ်ခုရဲ့ အိုင်တီမန်နေဂျာ။ ကျွန်မက အခုလောလောဆယ် သူ့အဆိုင်းမန့်ကို ရေးပေးနေရတဲ့ အညတရ ပရိုဂန်မာ။ အိုင်တီမန်နေဂျာဆိုတိုင်းလဲ ကျွန်မက အထင်မကြီးပါဘူး။ သူ့ဟာသူ ဘာကြီး ညာကြီး ဆရာဝန်ကြီး၊ အရာရှိကြီး၊ ဘာကြီးဖြစ်ဖြစ် ကျွန်မဂရုမစိုက်တတ်ဘူး။ လူတစ်ယောက်ကို လေးစားတန်ရင် လေးစားမယ်။ အထင်ကြီးတန်ရင် အထင်ကြီးမယ်။ သူ့ဂုဏ်တွေ ဗျက်တွေနဲ့ မဆိုင်ဘူး၊ ထောက်နေစရာမလိုဘူး။ သူတောင်းစားဖြစ်နေလဲ လေးစားတန်ရင် လေးစားမှာပဲ။ ဆရာဝန်ကြီး၊ အရာရှိကြီး၊ ဖြစ်နေလဲ တစ်စက်ကလေးမှ အထင်မကြီးချင် မကြီးဘူးပဲ။ သူ့ အက်ရှင် အပေါ်မူတည်ပီး ဒီလူဘယ်လိုလူစားမျိုးလဲ ကိုယ်ဥာဏ်ရှိသလောက် စဉ်းစားစင့်ချိန်နိုင်တာပဲနော။

နောက်တခုက တခါတလေ ဘယ်လောက်ကြိုးစားကြိုးစား သူ့ကံနဲ့သူလာတာပါပဲ။ အချိတ်အဆက် ကောင်းကောင်းတစ်ခုရှိရင်ပီးတာပါပဲ။ တကယ်ကြိုးစားပီး အောင်မြင်နေတဲ့လူတွေရှိသလို၊ အရည်အချင်းမရှိ၊ သောက်သုံးမကျပဲ ဘော့စ်တက်ဖြစ်နေတဲ့ လူတွေလဲအများကြီးပါပဲ။ အင်း...အရည်အချင်းမရှိလို့တော့ ပြောလို့မရဘူးပေါ့လေ။ သူလဲ သူနေရာသူရောက်ဖို့၊ အတန်အတင့်တော့ ကြိုးစားလာရမှာပါပဲ။ ထားပါတော့၊ ခု ခံပြင်းတာက သောက်ကုလားက ကျေးဇူးတင် စကားတစ်ခွန်းတောင် မပြောဘူး။ တကယ်ဆို ဒါတွေကျွန်မလုပ်ပေးနေစရာမလိုဘူး။ ကျွန်မ ပရိုဂရမ်ပြီးရင်ပြီးပြီပဲ။ ယူစာ မန်နယူရယ်လောက်ပဲ ရေးပေးဖို့လိုတာ။ ခုဟာက တမင် အကြောကြီးနဲ့ လာနှိပ်ဆက်နေတာ။ သူတို့ကုမ်ပနီက နောက်ထပ် ပရောဂျက်တွေ ရနိုင်ဖို့ရှိတယ်၊ သူတို့ကျေနပ်အောင် မျက်နှာလှလှထားရမယ်ဆိုလို့သာ လုပ်စရာရှိတာကို ပြောစရာမရှိ သေသေချာချာလုပ်ပေးလိုက်ပါတယ်။ ကိုယ်လုပ်တာကို လူအထင်သေးမခံရအောင်၊ ငါလုပ်တာအကောင်းဆုံးဖြစ်ရမယ် ဆိုတဲ့ မာနလေးကလဲရှိနေတော့ ကိုယ်ပဲပိုပင်ပန်းခံပီးလုပ်ပေးလိုက်ပါတယ်။ ရင်ထဲမှာတော့ အတော်ခါးသားပဲ။

အင်း ဘလော့ဂ်မရေးတာ ကြာပီနောလို့ သူငယ်ချင်းတချို့ လာလာမေးလို့ ဒီမနက် အလုပ်နဲနဲပါးနေတုန်း စိတ်ထဲရှိရာလေးတွေ ချရေးလိုက်ပါတယ်။ ရင်ထဲက အခါးတွေကို ရှယ်ယာလိုက်လို့ နဲနဲပေါ့သွားသလိုပဲ။ ကဲကဲ ခုတော့ ဒီလောက်ပဲ၊ အလုပ်ကလေးတွေ ပြန်လုပ်လိုက်ဦးမယ်။ သင့်အတွက် ကောင်းသောနေ့ဖြစ်ပါစေရှင်။

နားညီးတယ်

ဒီမှာမရေးတာကြာပီမို့ ပြန်ရေးရင်း ရင်ထဲရှိတာလေးတွေ ပြောရဦးမယ်။ ဒီနေ့ ရုံးမှာအရမ်းဆူညံနေတာပဲ။ ပရောဂျက်မန်နေဂျာ အရမ်းသောင်းကျန်းနေတယ်။ သူနဲ့ ဘော့စ်နဲ့ ပရိုပိုဆလ်တစ်ခုရေးနေတာ၊ ဒေါ့ကျုမန့် တန်ပလိပ် ကိုအကြိုက်လို့ဆိုပီး မနက်ကတည်းက ဂျီတိုက်တာ ခုထိမပီးသေးဘူး။ ဒီလူက တစ်ရုံးလုံးမှာ အသံအကျယ်ဆုံးပဲ။ အဆဲလဲအရမ်းသန်တယ်။ တော်ရုံလူ သူ့ကိုမခံနိုင်ဘူး။ သူက အအော်သန်ရုံတင်မကဘူး ဘေးမှာရှိတဲ့ ပစ်စည်းတွေကိုပါ ထုထောင်းလိုက်သေးတယ်။ သူ့ ကီးဘုတ်နဲ့ ဖုန်းနဲ့ကို အရမ်းသနားတာပဲ။ သူမကျေနပ်တိုင်း အထုထောင်းခံနေရလို့။ သူက ကျွန်မရှေ့မှထိုင်တော့ ကျွန်မနားအညီးအခံရဆုံးပဲ။ တခါတခါ စဉ်းစားပီးလုပ်နေတဲ့ ကုဒ်လေးတွေ သူထထအော်လိုက်တာ လန့်ပီး တွေးထားတာတွေပျောက်ကုန်ရော။ အရမ်းစိတ်ကုန်ဖို့ကောင်းတယ်။ ကျွန်မတို့အကုန်လုံးက သူ့အကြောင်းသိနေတော့ တော်ရုံသူအော်တာ ဆဲတာကို ဂရုမစိုက်ကြပါဘူး။ ဒီနေ့တော့ အရမ်းဆိုးတယ်။ ကလေးမဟုတ် သူငယ်မဟုတ် ဂျစ်လုပ်သလိုမျိုးဖြစ်နေတယ်။ ပြင်လို့မရတဲ့ ကိစ်စမျိုးကို သည်းခံပီး လုပ်တာမဟုတ်ဘူး၊ ထပ်ခါတလဲလဲ ကွန်ပလိန့် တက်နေတယ်။

ကျွန်မအလုပ်တွေအရမ်းရှုပ်နေပါတယ်ဆို သူက အရှေ့ကနေ အာပြဲကြီးနဲ့ ထထဆဲနေတာ၊ လူပါစိတ်တိုပီး ဘယ်တော့ပြန်ဆဲမိတော့မယ်မသိဘူး။ ဖြစ်နိုင်ရင် အနောက်ကနေ သူ့ခေါင်းတုံးပြောင်ကို တခုခုနဲ့ ကောက်ပေါက်ပစ်လိုက်ချင်တယ်။ ဘော့စ်ကလဲ စိတ်အတော်ရှည်တယ်။ သူ ဘောစ့်ကို ဒရိုက်ကြီးဆဲနေတာကို ခပ်အေးအေး ပြန်ပြောရှင်းပြနေသေးတယ်။ ကျွန်မသာဆို ဒီလောက်စိတ်ရှည်နိုင်မှာမဟုတ်ဘူး။ ကိုယ့်ငယ်သားတစ်ယောက်ဆီက အဆူအငေါက်ခံနိုင်မှာမဟုတ်ဘူး။ သူတို့နှစ်ယောက်က အကြောင်းသိ သူငယ်ချင်းတွေမို့ ဒီလောက်သည်းညီးခံနိုင်တာလားတော့မသိပါဘူး။ ပြောချင်တာက တစ်ရုံးလုံးမှာ ဒီလူအဆိုးဆုံးပဲ။ သူနဲ့အတူလုပ်တာကြာတော့ ကျွန်မပါ သူ့ဆီက ဓာတ်တွေ ကူးကူးလာတယ်။ ဆဲတတ်လာတယ်၊ ထထအော်ချင်လာတယ်။ စိတ်တိုရင်သူ့လိုပဲ ဘေးက မေါက်စ်တွေ၊ ဖုန်းတွေကို တဒေါင်းဒေါင်းထုထောင်းပစ်ချင်လာတယ်။ ဒါပြောတာပေါ့ လူမိုက်ဆိုရင် ရှောင်သွေလွဲလို့ မမှီဝဲနဲ့ကင်းအောင်နေ ဆိုတာ။ ကိုယ့်အနီးအနား အန်ဗရားမန့် ရဲ့ ဓါတ်တွေကူးဖို့သိပ်လွယ်တာပဲ။ မလွှဲသာနိုင်ရင်တော့ ကိုယ့်ဟာကိုယ်ဆင်ချင်နေတာအကောင်းဆုံးပါပဲ။ ကျွန်မလဲ ဆင်ချင်နေရတယ်။ ဒါပါပဲ။

ဘာမှမဟုတ်ဘူး

ဟိုအပတ်ကတည်းက ကွန်ပြူတာအသစ်မှာ ဟိုဟာထည့် ဒီဟာထည့်လုပ်နေတာ။ ဇော်ဂျီလက်ကွက်ထည့်ထားတာ လော့ဂ်အင် အသစ်နဲ့ဝင်တော့ လက်ကွက်က ဘယ်ရောက်သွားမှန်းမသိဘူး။ System32 folder ထဲက file ကို delete ပီး ပြန် install မှ လက်ကွက်က language settings ထဲပြန်ပေါ်လာတယ်။ zawgyi.net က ခုထိ ဒေါင်းနေတုန်းပဲ။ ဘာဖြစ်နေလဲမသိဘူး။ မြန်မာလိုရေးဖို့ ခေါင်းထဲထည့်ထားတာလေးတွေ၊ လက်ကွက်ပြသနာတက်နေတာနဲ့ ရေးချင်စိတ်တောင်မရှိတော့ဘူး။ နောက်မှ ပြန်စဉ်းစားပီးရေးတော့မယ်။ type တာကလဲ အကြာကြီး အပြင်းထူတယ်။ ခေါင်းထဲရှိတာလေးတွေ ကွန်ပြူတာက သူ့အလိုလို type ပေးသွားရင်သိပ်ကောင်းမှာပဲ။ speech recognition program လိုပြောလိုက်တာနဲ့ နောက်ကလိုက်ရေးသွားတာမျိုးပေါ့။

ခုတလော twitter ဖက်ကိုခြေလှမ်းအတော်ရောက်နေတယ်။ ဘလော့ဂ်ပိုစ့်ရေးရတာ အပြင်းထူလို့ လွယ်လွယ်ပီးတဲ့ twitter ကိုပဲလှမ်းတင်နေမိတယ်။ twhirl ဆိုတာလေး install ထားတာ အရမ်းကြိုက်တာပဲ။ သူငယ်ချင်းတွေတင်တာတွေကိုကောင်းကောင်းလိုက်ကြည့်လို့ရတယ်။ multiple account နဲ့လဲသုံးလိုရတယ်။ အတော့်ကို စိတ်ကြိုက်ဖြစ်နေတယ်။ နောက်မှ English ဖက်မှာ review ကောင်းကောင်းရေးမယ်။ အင်း...နောက်မှတွေ များနေပီ။ ခုလဲ နောက်မှ ပို့စ်ကောင်းကောင်းရေးလိုက်တော့မယ်။ ယူစ်ဇာ မန်နယူရယ်လ် တစ်ခုရေးစရာရှိနေလို့ ဆက်လုပ်လိုက်ဦးမယ်။

လာပြန်ပြီ ဒီနှစ်ကူး

အော် သောကြာနေ့ရောက်သွားပြန်ပြီ။ ဒီအပတ်ဘယ်လိုကုန်သွားမှန်းမသိလိုက်ဘူး။ တပတ်လုံးအရမ်းအလုပ်များတာပဲ။ ရုံးအလုပ်တွေ အများကြီးပဲ။ ပရောဂျက်က ဒီပလွိုင်းမန့် လုပ်ဖို့နီးပီဆိုတော့ ကျန်နေတဲ့ ဘာ့ဂ်တွေကို မြန်မြန်လိုက်ရှင်းနေရတယ်။ ခေါင်းကိုကိုက်နေတာပဲ။

မနေ့က အိမ်မှာ နှစ်ကူးလုပ်တယ်။ မေကြီး က အငယ်မဆီသွားလည်နေတော့ ဒီနှစ် အစားအသောက်တွေအကုန် ဆိုင်ကဝယ်ပြီးလုပ်ရတယ်။ ခေါက်ဆွဲကြော်က လုံးဝမကောင်းဘူး။ မေကြီး လက်ရာကို ခြေဖျားတောင်မမှီဘူး။ တခြားဟင်းတွေကလဲ သိပ်စားလို့မကောင်းသလိုပဲ။ ဟင်းတွေ၊ မုန့်တွေ အဖေ ဝယ်လာလိုက်တာ အလျုံပယ်ပဲ။ မနေ့ညက မကုန်လို့ ခွေးစာထဲ ထည့်လိုက်ရတာတွေ အများကြီး။ နှမျောလိုက်တာ။ တော်ရုံပဲ ဝယ်ပေါ့၊ ဒီနှစ် အမေအိမ်မှာ မရှိလို့ စတိလောက်ပဲလုပ်တာမဟုတ်ဘူးလို့ သွားပြောမိလို့၊ ငါ့ဟာငါ လုပ်ချင်လို့လုပ်တာ နင်ကဘာဖြစ်လဲ ဆိုပြီး အဆူတောင်ခံလိုက်ရသေးတယ်။ မနေ့ နေ့လယ်က ကန်တော့တာ ကျွန်မက ရုံးမှာ အလုပ်အရမ်းရှုပ်တော့ အဖေလာခေါ်တာကို မလိုက်ဘူး၊ မကန်တော့ဘူးဆိုပီး နေလိုက်တာ။ အငယ်ကောင်ပဲ ပါသွားတယ်။

နှစ်တိုင်း နှစ်ကူးရောက်ရင် အဖေနဲ့ ရန်ဖြစ်ရတယ်။ ကျွန်မက တရုတ်လူများ ဘာသာ ထုံးတမ်းစဉ်လာ စသည်စသည်တွေကို ဘာမှသိတာမဟုတ်ဘူး။ သွေး အနဲငယ်ဆပ်တာပဲရှိတယ်။ ကိုယ်မသိတဲ့ စိတ်မဝင်စားတဲ့ ဟာကို လုံးဝမလုပ်ချင်ဘူး။ အဲတော့ ဒီနှစ်ရန်ဖြစ်ပီး လုံးဝ မကန်တော့လိုက်ဘူး။ အစားအသောက်တွေတော့စားလိုက်ပါတယ်။ မစားလို့ရင် လွှင့်ပစ်ရမှာ။ လုံးဝမကုန်ဘူး အများကြီး။ အဖေကလဲ အဲဒါနဲ့ပတ်သပ်ပြီး မကြည်ဘူး။ မတတ်နိုင်ဘူး၊ မလုပ်ချင်တာတခုကို ဟိုလူ့မျက်နှာထောက်၊ ဒီလူ့မျက်နှာထောက်ပြီး လိုက်လုပ်မနေနိုင်ဘူး။ အကြီးဆုံးသမီးဖြစ်လို့ ဒီအမွေကို ဆက်ခံရမယ်လို့ ဟိုနှစ်က အဖွားကပြောတယ်။ တခါတည်း ငြင်းပြီး လုံးဝမလုပ်နိုင်ဘူး ပြောပလိုက်တယ်။ အငယ်ကောင် လုပ်လေ့မယ်လို့ပြောလိုက်တယ်။ ဒီကိစ္စနဲ့ ပတ်သပ်ပြီး ကျွန်မတဖက်၊ အဖွားနဲ့ အဖေနဲ့ တဖက်၊ လုံးဝ မတည့်ဘူး။ အမေကတော့ တရုတ်စပ်ကို ယူထားမိတာဆိုတော့ သိပ်မပြောနိုင်ဘူး။ လုပ်စရာရှိတာ လုပ်ပေးလိုက်တာပဲ။ ကျွန်မနဲ့ကတော့ နှစ်ကူးရောက်တိုင်း တဆူဆူပဲ။ နောက်နှစ်လဲ မရှိခိုးနှိင်ဘူး။

ကျွန်မ အတွက် ရေရေရာရာ မသိတဲ့ လူမျိုး ထုံးတမ်းစဉ်လာ တစ်ခုကို အချိန်ကုန်ခံပြီး လုပ်မနေနိုင်ဘူး။ ကျွန်မကိုယ် ကျွန်မ တရုတ်တယောက်၊ တရုတ်ဆပ်တယောက် ဖြစ်တယ်လို့ ဘယ်တော့မှ မခံယူချင်ဘူး။ တကယ်လို့ ကျွန်မသော်၎င်း၊ သွေးဆပ်သူ အဖေ၊ အဖွားသော်၎င်း၊ တရုတ် စကားတတ်ခဲ့ရင်၊ ဒါမှမဟုတ် တရုတ်လိုနဲနဲနီးဆပ်ခဲ့ရင်၊ ကျွန်မအတွက် အော် ငါသည်လဲ သူတို့လူမျိုးနဲ့ သွေးတော်နီးဆပ်ပါလား ဆိုပီး ခံယူလို့ရသေးတယ်။ ခုဟာက အိမ်မှာ တယောက်မှ တရုတ်စကားလဲ မတတ်ဘူး၊ တရုတ်လိုလဲ မနေဘူး၊ ဘာဆိုဘာမှ မဆိုင်သလိုပဲနေပီး နှစ်ကူးကြမှ၊ ဟေး နှစ်ကူးလုပ်ရမယ်၊ ဟိုး အရင် ဘိုးဘေးဘီဘင် တွေလုပ်လာလို့၊ သားအကြီးဆုံးဖြစ်တဲ့၊ ငါ၊ နင့်အဖေဟာလဲ ဒီနှစ်ကူးကို အဖွားအလိုကျ၊ ထုံးစံအရ လုပ်ရမယ် ဆိုတာမျိုး။ လုံးဝစိတ်မဝင်စားဘူး ဒါမျိုး။ ဘယ်လောက်ဆူဆူ ငေါက်ငေါက် ကျွန်မကတော့ အလုပ်မပြတ်ဘူး အကိုင်မပြတ်၊ အစားအသောက်မပြတ်ဘူး။ ခေါင်းမာတယ်ပြောလဲ မတတ်နိုင်ဘူး။ ကိုယ် မကြိုက်ဘူး အသိဘူးဆိုရင်၊ လုံးဝ မစပ်ဆက်ချင်ဘူး။

ထားပါတော့။ မနေ့က ပွစိပွစိ မျက်စောင်းထိုးခံ၊ အဆူခံရတာကို၊ ကောင်းကောင်းအစာမကြေလို့ ဒီပေါ်လာပီး ရင်ဖွင့်နေတာ။ ဒါပဲ။ အလုပ်ဆက်လုပ်လိုက်ဦးမယ်။

Enjoy your Friday.

သောကြာနေ့ အတွေးများ

အော် သောကြာနေ့တောင် ပြန်ရောက်လာပြန်ပြီ။ ဒီအပတ် ဟိုလုပ်ဒီလုပ်နဲ့ အချိန်ဘယ်လိုကုန်သွားမှန်းတောင် မသိလိုက်ဘူး။

ဒီအပတ် ရုံးကို အချိန်မှီ ရောက်နေတယ်။ ပုံမှန်ဆိုရင် ၉:၃၀ လောက်မှ ရောက်နေကြ။ ရုံးက ၈:၀၀ - ၅:၀၀။ ကိုယ်တက်နေကြက ၉:၃၀ - ၆:၀၀. ဒါကြောင့် ဒီအပတ် ထူးထူးရှားရှား စောရောက်တာကို စာကြီးပေကြီးဖွဲ့နေတာ။ ကိုယ့်ကို ကိုယ်တောင် တယ်ဟုတ်တဲ့ ငါပါလားဆိုပြီး အပြတ် ချီးမွှန်း ပစ်လိုက်သေးတယ်။

ပြောလို့သာပြောတာ။ ကိုယ်ဟာကိုယ် ဘယ်တော့မှ အိပ်ရာက မထဘူး။ မနက်တိုင်း အဖေက အိပ်ခန်းဝကနေ ၆:၃၀ လောက်ဆို လာလာအော်တယ်။ ခပ်တည်တည်ပဲ တုတ်တုတ်တောင် မလုပ်ဘူး။ ၇:၀၀ လောက်ကြတော့ mb alerm က ထမြည်တယ်။ နားညီးလို့ ပြန်ပိတ်လိုက်တယ်။ ၈:၀၀ လောက်ကြတော့ မောင် အငယ်ကောင်က နား နားကပ်ပြီး ငှက်ဆိုးထိုးသံနဲ့ "မစု ထတော့။ ၈နာရီ ထိုးပြီ။ နင် ဖေကြီးနဲ့လိုက်မှာလား taxi နဲ့သွားမှာလား" ဆိုပြီးအော်ပါလေရော။ ၁ချက် ၂ချက် အော်ရင် မမှုသေးဘူး။ သူက တခါတလေ ခြေထောက်နဲ့ကန်တယ်၊ ကန်လို့မရရင် ခြေထောက်ကကိုင်ပြီး ကတင်ပေါ်က ဆွဲချတယ်။ ကျွန်မ အမုန်းဆုံးက ကျွန်မ ကတင်ပေါ် သူ့ ဖိနပ်ကြီးနဲ့ တက်ပြီး ထထခုန်ခြင်းပဲ။ အဲလိုလုပ်လို့ကတော့ ငေါက်ခနဲ ထပြီး ရန်ထဖြစ်ပါလေရော။ အင်း အိပ်ချင်စိတ်လဲ အဲဒီမှတင်ပဲ ကြက်ပျောက် ငှက်ပျောက်ပေါ့။ ကျွန်မက ဘယ်သူမှ ကျွန်မ ကတင်ပေါ်တက်တာ မကြိုက်ဘူး။ အိပ်ရာခင်း တွန့်သွားမှာကို အလွန်မုန်းတယ်။ ကျွန်မ အိပ်ရင်လဲ အိပ်ရာခင်း မတွန့်အောင် တတ်နိုင်သမျှ ငြိမ်ငြိမ် အိပ်တတ်တယ်။ အဲဒီတော့ ကတင်ပေါ် တက်တက်ခုန်တတ်တဲ့ သူနဲ့ ကျွန်မနဲ့က အကြီးမားဆုံး ရန်သူတော်တွေပဲ။ ဘာပဲဖြစ်ဖြစ် ဒီအပတ် mb alerm သံကြားကတည်းက အိပ်ရာထဖြစ်ပြီး၊ အဖေ့ကားအမှီ လိုက်ဖြစ်တော့ ရုံးချိန်မှီနေတာပေါ့။

ထားပါတော့၊ စာလုံးတစ်လုံး တစ်မိနစ်နှုန်းနဲ့ type နေတာ။ Tea တောင် အေးသွားပြီ။ Google Reader ပေါ် မျက်စိခဏကစားလိုက်ပီး blog နဲနဲပေါ် ဟို hop ဒီ hop လုပ်လိုက်ရင်း အတွေးလေးတွေပေါ်လာပြီး အတွန့်တက်ချင်စိတ်လေးတွေပေါက်လာတယ်။ အင်း ရောဂါ၊ ရောဂါ။

blog တော်တော်များများမှာ gravatar enabled comment system ရှိကြတယ်။ blogger တော်တော်များများက အဲဒီ system ကို နှစ်သက် အသုံးပြုကြပါတယ်။ ကိုယ့် ပို့စ်ရဲ့ comment လေးတွေမှာ အရောင်အသွေးစုံ လေးထောင့်ပုံလေးတွေမြင်ရတော့ ပိုမျက်စိ ပဒါရသင့်တာပေါ့နော်။ ဒါပေမဲ့ တချို့တွေက regular blogger/commenter တွေဖြစ်သော်ငြားလည်း gravatar လေးတစ်ခုလုပ်ဖို့ကို အလွန်ဝန်လေးကြတယ်။ အော်ကျွန်မ သိပ်မုန်းတာပဲ။ ဘယ်လောက်မှ ကြာတဲ့ဟာမဟုတ်ဘူး။ ကျွန်မ gravatar ဆိုတခါလုပ်ပြီးတတည်းက နှစ်ပေါက်သုံးလာတာ။ ဘာမှကို maintenance တို့ password expire မဖြစ်ခင် ပြန်ဝင်ပါ လို့ စတဲ့ annoyance တွေမရှိဘူး။ ပြီးတော့ သူက photo host ဖို့လဲ မပူရဘူး။ ဒီလောက် convenient ဖြစ်ပြီး အလွန်အသုံးဝင် ချစ်ဖို့ကောင်းတဲ့ service လေးကို နော်၊ တစ်ချို့က ignore ထားကြတယ်။ ဝမ်းနည်းလိုက်တာ။ ကဲ အားတဲ့အခါ Gravatar account လေးတစ်ခုလောက်တော့ လုပ်ထားပါလား ရှင်ရယ်။ ရှင့် gravatar လေးကြောင့် ချစ်သူ၊ ခင်သူ၊ သတ်ချင်သူ တွေပိုပေါ်များလာပါလေ့မယ်။ စမ်းကြည့်လိုက်ပေါ့။

နောက်တစ်ခု တွေးမိတာက Multi-Blogs ရှိတဲ့သူတွေ (ကျွန်မလဲပါတယ်)၊ Blog domain/Hosting မကြာခဏ ပြောင်းရတယ့်သူတွေ Feedburner လေးကို အသုံးပြု သင့်တယ် ထင်တယ်။ အဲဒါလေး အသုံးပြုသောအားဖြင့် Blogger and Reader နှစ်ဦးနှစ်ဖက်အတွက် အများကြီး အထောက်အကူဖြစ်ပါတယ်။ Feed Reader တွေအတွက် အလွန် convenient ဖြစ်ပြီး ကိုယ့် Blog ကို ဘယ်နှစ်ယောက် subscribe လုပ်တယ်ဆိုတာကို တော်တော်လေး နီးစပ်မှန်ကန်အောင် ခန့်မှန်းလို့ရပါတယ်။ ကျွန်မတောင် ၂ခုလုပ်ထားသေးတယ်။ လင့်ကို အရင် theme အဟောင်းတုန်းကတင်ထားတာ၊ ဒီအသစ်မှာ မတင်ရသေးဘူး။ မေ့သွားလို့ ခုမှကိုယ်ဟာကိုယ်ပြန်သတိရတယ်။

အဲလို feed ကို centralize သောအားဖြင့် Blogger ဟာသူ့ Blog အသစ်ပြောင်းတိုင်း Reader တွေကို Feed အသစ် subscribe လုပ်ခိုင်းစရာမလိုတော့ဘူး။ Feedburner control panel ထဲမှာ new feed ကို ထည့်လိုက်ရုံပဲ။ ဆိုကြပါဆို့ ကျွန်မအရင် mayvelous.blogspot.com က .atom.xml အနေနဲ့ feed ထွက်တယ်။ နောက် blogger.com အသစ်ပြောင်းတော့ rss feed ပုံစံသစ်၊ လင့်အသစ်နဲ့ ထွက်ပြန်ရော။ နှစ်မျိုးစလုံးကလဲ အလုပ်လုပ်တယ်။ subscriber တွေကလဲ သူတို့ကြိုက်ရာရွေး subscribe တယ်။ အားလုံးကောင်းပါတယ်။ ဒါပေမယ့် tracking ကြတော့ဒုက္ခရောက်ရော။ ဘယ် feed မှာ ဘယ်နှစ် subscription ရှိမှန်းမသိတော့ဘူး။ ပိုဆိုးတာက တကယ်လို့ ကျွန်မ blog domain ပြောင်းမယ်ဆိုပါတော့၊ feed link ကအဲဒီ domain အသစ်အတ်ုင်း ပြောင်းသွားပြန်ရော။ Redirecting domain ဆိုရင် သိပ်ကိစ္စမရှိဘူး၊ အရင် link အဟောင်းနဲ့လဲ အလုပ်ဖြစ်နေနိုင်သေးတယ်။ ဒါပေမယ့် redirect တာတင်မဟုတ်ပဲ host change တာတို့၊ blog platform change တာတို့ဆိုရင် အရင် feed link အဟောင်းနဲ့ အလုပ်မလုပ်တော့ဘူး။ အဲဒီကြမှ readers တွေကို feed link subscription change ခိုင်းရင် အသာလေး half of the readers will gone missing. တချိုက အားကြီးအပြင်းထူကြတာ ကျွန်မအပါမဝင်ပါပဲ။ တော်ရုံတန်ရုံ အလုပ်ရှုပ်ရမယ့် ကိစ္စဆို ဘယ်လောက်ပဲလွယ်ပစေ၊ မလုပ်ချင်ကျဘူး။ တကယ်လို့ centralize feed ရှိမယ်ဆိုရင်၊ ကိုယ့် feed link ဘယ်လောက်ပြောင်းသွားပစေ။ subscriber တွေတောင် မသိစေရဘူး၊ သူတို့တွေလဲ အလုပ်မရှုပ်တော့ဘူး၊ tracking အတွက်လဲပိုလွယ်ကူသွားတာပေါ့နော်။ အဲဒီတော့...ပြောချင်တာက (ဟူးမောလိုက်တာ လေရှည်နေတာ၊ လိုရင်းမရောက်တော့ဘူး) ... try to centralize your feed by burning your feeds in a feedburner account. There you go, that's what I wanna say. Geez!

ကျန်သေးတယ်၊ နောက်တစ်ခု ထပ်ရှည်လိုက်ဦးမယ်။ Multiple-blogs ပိုင်သူတွေဟာ Feed ၃ ၄ ခုကို combine ချင်ရင် ဒီကောင်လေးကို သုံးကြည့်ပါ။ ပြီးရင် feedburner ထဲထည့် burn ပါ။ Ok မှာ စိုပြေစေရမယ်။

တော်ပြီ type ရတာပြင်းလာပြီ၊ အတွေးတွေက ရှိသေးတယ် နောက်မှဆက်တော့မယ်။ ဒီကနေ့အတွက် အက်တစ်ဖ် ဘာ့ဂ် ၄၄ ကောင် ထုထောင်းစရာရှိသေးတယ်။ အလုပ်ဆက်လုပ်လိုက်ဦးမယ်။

ဒီပို့စ်ကို လဖ္ကရည် တစ်ခွက် အတွေး လို့ ခေါင်းစဉ်တတ်မလို့၊ လက်ဖက်ရည် ကိုဘယ်လို ပေါင်းရမှန်း မေ့သွားတာနဲ့၊ အဟီး။

Enjoy your Friday and have a good weekend. (အဲတာကို မြန်မာလို ဘယ်လိုပြောလဲ)