*#- ဒီစာအုပ်ဖတ်ရင်း မြန်မာစာရိုက်နည်း ကျင့်နေခြင်း ဖြစ်ပါသည်။ -#*
ကြာသပတေး ၁၇ ၂၀၀၇
ကြာချိန် = ၃း၂၀
စာမျက်နှာ = ၉ - ၁၄

ငယ်ရွယ်စဉ် ဘဝမှာ အထက်က ဖော်ပြထားခဲ့သည့် သောကြာနေ့ည ခံစားမှုမျိုး လူတိုင်းကိုယ်စီ ရှိခဲ့ကြပါသည်။

သည့်နောက် ဘာဖြစ်သနည်း။ အရွယ်ရောက်သည့်အချိန်မှာ ဘာတွေဖြစ်ကုန်ကြသနည်း။ ဘာကြောင့် လူအမြောက်အမြားမှာ ရည်မှန်းချက်တွေ ပျက်ပြယ်ခဲ့ရသနည်း။

အကြောင်းက ရှင်းရှင်းလေး ဖြစ်သည်။

အထက်တန်းကျောင်းက ထွက်လာပြီး၊ သို့မဟုတ် ကောလိပ်ကျောင်းက ဆင်းလာပြီးသည့်နောက်တွင် လောကဓံတရား၏ ရိုက်ပုတ်ချက် သို့မဟုတ် ယခင်က ကောင်းလှသည် ထင်ထားခဲ့သည့် လောကကြီး၏ ထိုးနှက်ချက်ကို မြိုးမြိုးမြက်မြက်ကလေး ခံစားလိုက်ရသောကြောင့် ဖြစ်၏။

အလုပ်ရှာရသည်။ ရသည့်အလုပ်မှာမတည်မြဲ။ သုံးကြိမ်ပြောင်းရသည်။ လေးကြိမ်ပြောင်း ရသည်။ အလုပ်ဝင်စမှာတော့ ကုမ္ပဏီတွေက အာမာခံချက်တွေ မက်လုံးတွေ အများကြီး ပေးကြသည်။ နောက်တော့လည်း တကယ်တမ်း ဘာမျှ ဖြစ်မလာ။ တဖြည်းဖြည်း ပို၍ပို၍ စိတ်အားပျက်လာသည်။ သည်ကြားထဲမှာပင် အိမ်ထောင်ကျမည်။ ကလေးတစ်ယောက်နှစ်ယောက် မွေးမည်၊ တာဝန်တွေက ပို၍များလာသည်။

ဒဏ်တွေ များလာသည့်တစ်နေ့မှာ လက်မြှောက်အရှုံးပေးစိတ် ဝင်လာသည်။ ငါ့ဘဝမှာ ကြီးကြီးကျယ်ကျယ်ဖြစ်ဖို့ မျှော်လင့်ချက်မရှိတော့ဘူး၊ လောကကြီးက ငါ့ကို တစ်ချက်ကလေးမှ မျက်နှာသာ မပေးခဲ့ဘူး၊ ကံကြမ္မာအတိုင်းပဲ ရှိပါစေတော့ ဟူသော အတွေးမျိုး တွေးမိလာသည်။ ယခင်က ရှိခဲ့သည့် သွက်လက်တက်ကြွမှုတွေ ပျောက်ကွယ်သွားသည်။ လောကကြီးထဲ တိုးဝင်ကာ မိမိစိတ်ကြိုက် ရွေးချယ်ထားသော အရာများကို ယူငင်ခံစားလိုက်မည်ဟု ရည်မှန်းခဲ့ကြသူများသည် စိတ်ပျက်လက်လျှော့ကာ နောက်ဆုတ်သွားကြတော့သည်။

မိမိကံကြမ္မာကို မိမိဖန်တီးမည်ဟူသော စိတ်ဓာတ်သည် ပြောင်းပြန်လန်ကာ ကံပေးသမျှသာပဲ ဟူ၍ ဖြစ်လာသည်။ ကြီးကျယ်အောင်မြင်ရမည်ဟု ရည်မှန်းထားခဲ့သူသည် သူလို ငါလို မှန်တန်းလောက်ဖြစ်လျှင်ပင် မဆိုးဘူး ဟူ၍ သဘောထား ပြောင်လဲလာခဲ့သည်။

ဤသည်မှာ ရမ်း၍ပြောနေခြင်းမဟုတ်။ ကျွန်တော်၏ ဘဝဖြစ်စဉ်နှင့်ယှဉ်၍ ပြောကြားခြင်း ဖြစ်ပါသည်။ ကျွန်တော်၏ ဘဝဖြစ်စဉ်နှင့် ယှဉ်၍ပြောကြားခြင်း ဖြစ်ပါသည်။ ကျွန်တော့် ဘဝကို သုံးသပ်ရင်း အခြားဘဝတူတို့ အကြောင်းကို ကျွန်တော် ဆက်စပ်သိမြင်ခဲ့ခြင်းဖြစ်ပါသည်။

ကျွန်တော်သည် ငယ်ကံကောင်းခဲ့သူ တစ်ဦး ဖြစ်သည်။ သားသမီးကို ချစ်တတ် ဂရုစိုက်တတ်သော မိဘနှစ်ပါးမှ ပေါက်ဖွားခဲ့ပါသည်။ အဖေရော အမေပါ စိတ်ပျက်ညီးညူတတ်သူများ မဟုတ်ကြ။ အကောင်းမြင်စိတ်ဖြင့် တက်ကြွနေတတ်သူများသာ ဖြစ်သည်။ အဖေသည် ဘောလုံးနည်းပြဆရာတစ်ဦးဖြစ်ပြီး ကျွန်တော်ကြီးပြင်းလာစဉ်ဘဝတစ်လျှောက်လုံး ကျွန်တော့်အား ကူညီခဲ့ အားပေးခဲ့ မြေတောင်မြှောက်ပေးခဲ့သည်။

အထက်တန်းကျောင်းသို့ ရောက်သည့်အခါ၌လည်း အတော်ဆုံး အကောင်းဆုံးဆိုသော နည်းပြဆရာများနှင့် ကျွန်တော် တွေ့ဆုံခဲ့ရသည်။ ဆရာ တော်မီတေလာနှင့် ဆရာ ဝက်စ်သောမတ်စ်တို့ နှစ်ယောက်လုံးပင် ကျွန်တော်ကို ဘောလုံးပညာ သင်ပေးကြရုံမက၊ ကမ္ဘာပေါ်မှာ အတော်ဆုံး ဘောလုံးသမားတစ်ယောက်ဖြစ်ရမည်ဟူသော စိတ်ဓာတ်မျိုးပါ ရိုက်သွင်းပေးခဲ့ကြသည်။

ကျွန်တော်တို့နေထိုင်ရာ ဂျော်ဂျီယာပြည်နယ် ကိုင်ရိုမြို့ကလေးမှာလည်း အလွန်ထူးခြားသည်။ လူဦးရေ တစ်သောင်းဝန်းကျင်သာ ရှိသည့် ကျွန်တော်တို့ မြိုကလေးသည် လူငယ်များကိုပြုပျိုးထောင်ရာ၌ အခြားမြို့များမှ လူများ အံ့သြရလောက်အောင်ပင် ထက်သန်တက်ကြွလှသည်။

ဤသို့လျှင် ကျွန်တော်၏ ငယ်ဘဝသည် အလွန်ပင် သာတောင့်သာယာ ရှိခဲ့ရပါသည်။ သည်နောက် ကျွန်တော် ကောလိပ်ကျောင်းသို့ ရောက်သည်။ ထိုနောက် ကလေးဘဝကတည်းက ချစ်ခဲ့ရသူ အင်ဂျီလာနှင့် လက်ထပ်သည်။ သည်အထိ ကျွန်တော်ဘဝ သာယာလှပဆဲ။

သို့သော် ထိုနောက်တွင်တော့ လောကကြီးအကြောင်းကို ကျွန်တော်တကယ် နဖူးတွေ့ ဒူးတွေ့ စတင်ရင်ဆိုင်ရတော့သည်။ အဖေသည် အသက် လေးဆယ်ရှစ်နှစ်အရွယ်တွင် ရုတ်တရက် နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ အမေ့မှာ စားဝတ်နေရေးအတွက် ကသီလင်တ ဖြစ်နေသည့်အချိန် ကျွန်တော်က ကိုယ်ပြဿနာနှင့်ကိုယ် မနိုင်မနင်းဖြစ်နေသည်။ ကျွန်တော် ငယ်စဉ်က ရည်မှန်းခဲ့သည့် ဘောလုံးနည်းပြဆရာတစ်ယောက်၏ လစာမှာ နည်းပါးလှချေသည်။ ကျွန်တော်မှာ ဇနီးနှင့် သားသမီး နှစ်ယောက်၏ တာဝန်ကလည်းရှိနေပြီ။

သည်အခါ စီးပွားရေး ဖူလုံမှုရှိရေး၊ ငွေရေးကြေးရေးအတွက် လုံခြုံစိတ်ချရရေးသည် ကျွန်တော့်ဘဝ အတွက် ရည်မှန်းချက်တစ်ရပ်အဖြစ် ပေါ်ထွက်လာသည်။ အပိုဝင်ငွေ ရအောင် ကျွန်တော် နည်းမျိုးစုံဖြင့် စတင်ကြိုးပမ်းတော့သည်။ ရပေါက်ရလမ်းတွေလိုက်ရှာသည်။ သို့သော် ကျွန်တော့်စိတ်တွင် သေချာပေါက်အခွင့်အရေးပဲဟု ထင်မိသော အရာတွေသည် တကယ်လက်တွေ့ လုပ်ကြည့်သည့်အခါ ထင်ထားတာနှင့် တခြားစီဖြစ်နေခဲ့သည်။

ကျောင်းသား ဘတ်စကက်ဘော ပြိုင်ပွဲများတွင် ကျွန်တော်ဒိုင်လူကြီးဝင်လုပ်သည်။ ကျောင်းသားမိဘများ နှစ်ဖက်အသင်း နည်းပြဆရာများထံ အဆဲအဆိုခံရင်း သုံးနာရီလောက် ဘတ်စကက်ဘောကွင်းကို ထက်အောက်စုန်ဆန်ပြေးလွှားပြီးသောအခါ ဒိုင်လူကြီးလုပ်ခ ငွေ ၁၂ ဒေါ်လာရသည်။

တစ်နှစ်တွင်မူ ကျွန်တော်လိုပင် ငွေကျပ်နေသည့် နည်းပြဆရာတွေ စုပြီး ခရစ္စမတ်သစ်ပင်များ ရောင်းကြသည်။ ရေခဲအောင် အေးစက်နေသည့် ညအချိန် အိမ်ထဲတွင် နွေးနွေးထွေးထွေး မနေနိုင်ဘဲ နှစ်ပတ်တိတိ ကျွန်တော်တို့ ဒုက္ခခံကြရသည်။ ရရှိသည့်ငွေကို ခွဲဝေယူကြတော့ တစ်ယောက်လျှင် ၇၅ ဒေါ်လာမျှစီသာ ရကြသည်။

တစ်နေ့တွင် သတင်းစာတစ်စောင်၌ ကြော်ငြာတစ်ခုတွေ့ရသည်။ ကျောင်းဆရာများ အားကစားနည်းပြများအတွက် ဝင်ငွေအများအပြားရရှိစေမည့် အချိန်ပိုင်းလုပ်ငန်း တစ်ခုဟူ၍ ကြော်ငြာထားသည်။ အလုပ်က စွယ်စုံကျမ်းများရောင်းချသော အလုပ် ဖြစ်၏။ ကျွန်တော်က ဈေးရောင်းရမည့်အလုပ်ကို မဝံ့မရဲဖြစ်နေသည်။ သို့သော် ခံစားရမည့် ကော်မရှင်က အတော်ပင်များသည်။ သို့နှင့်ပင် အရောင်းကိစ္စ သင်ကြားပေးသည့် သင်တန်းကျောင်းကလေးတစ်ခုသို့ ကျွန်တော် သွားဖြစ်ခဲ့သည်။ သည်နောက်မှာတော့ အိမ်တံခါးပေါက်တွေ လိုက်ခေါက်ကာ ဈေးလည်ရောင်းသော အလုပ်ကို စတင်လေသည်။ တံခါးတွေက ဈေးသည်မှန်းသိသည်နှင့် တစ်ပြိုင်နက် ဗြောင်းခနဲ ဗြောင်းခနဲ ပိတ်သွားကြသည်။ သည်လောက်အထိ ဖြစ်လိမ့်မည်ဟူ၍ မျှော်လင့်မထားခဲ့ရာ တဖြည်းဖြည်း ကျွန်တော် ကြောက်လာသည်။ အိမ်တံခါးပေါက်တစ်ခု ရှေ့ရောက်တိုင်း ရင်ထဲက ပျို့ချင်သလို ဗိုက်ထဲက ထိုးအောင့်ချင်သလို ဖြစ်လာသည်။ နောက်ဆုံးတွင်တော့ စွယ်စုံကျမ်းနှစ်စုံကျွန်တော်ရောင်းဖြစ်ခဲ့သည်။ တစ်စုံကို ကျွန်တော့် ဇနီးသည်က ဝယ်ယူပြီး တစ်စုံကို မိတ်ဆွေတစ်ယောက်က ဝယ်သွားသည်။

သည်အတွေ့အကြုံက ကျွန်တော်သည် ဈေးရောင်းသည့်အလုပ်၌ စွံမည့်သူတစ်ဦး မဟုတ်ကြောင်း ပြသနေသလို ရှိခဲ့သည်။

သို့တိုင်အောင်ပင် နည်းပြသင်တန်းတစ်ခု၌ အားကစားပစ္စည်းသစ်များဖြန့်ချိရောင်းချရန် စီစဉ်နေသူတစ်ဦးနှင့် တွေ့သောအခါ ကျွန်တော်စိတ်ဝင်စားခဲ့ပြန်သည်။

သူရောင်းချမည့် ကိုယ်ကာယ လေ့ကျင့်ခန်းသုံး ပစ္စည်းကိရိယာများမှာ ပြေးခုန်ပစ် အားကစားလောကတွင် အကြီးအကျယ် ခေတ်စားလာနိုင်သည်ဟု ယူဆရသည်။ ထို့ပြင် သူက ကျွန်တော်အား တစ်ဦးတည်း ကိုယ်စားလှယ် သဘောမျိုးပေးမည်ဟုလည်းဆိုသည်။ ကျွန်တော် အရမ်းအားတက်သွားသည်။ တကယ်ကြီးပွားမည့် လမ်းစကို ခြေချမိပြီဟု ယုံကြည်လိုက်သည်။

ထိုလူ့ထံမှ ပစ္စည်းအမယ်ပေါင်း ရာချီ၍ ကျွန်တော် ဝယ်ယူလိုက်သည်။ သို့သော် ဝယ်ပြီးနောက်တွင် ၎င်းပုဂ္ဂိုလ်သည် တောင်ပိုင်းနယ် တစ်ခွင်လုံး၌ လူတိုင်းကိုပင် ကျွန်တော့်နည်းတူ တစ်ဦးတည်း ကိုယ်စားလှယ် ခန့်သွားခဲ့ကြောင်းသိရှိရလေသည်။

မတက်နိုင်တော့။ သည်ပစ္စည်းတွေ သယ်ကာ ဈေးသည်အလုပ်ကို ဆက်လုပ်ရပြန်သည်။ အကြီးအကျယ် ရေပန်းစားလိမ့်မည်ဟု ကျွန်တော် မျှော်လင့်ခဲ့သည့် ပစ္စည်းများကို လူတွေ စိတ်မဝင်စားကြ။ ကိုယ်ကိုမြင်မှ တံခါးပိတ်ပစ်လိုက်သည့် ဒဏ်ကို ကြိတ်မှိတ်ခံကာ နေ့စဉ် အားတင်းပြီး ကျွန်တော် ထွက်ခဲ့ရသည်။ နောက်ဆုံးစာရင်းချုပ်သည့်အခါ၌မူ ကျွန်တော်ခံခဲ့ရသမျှ ဒုက္ခအတွက် ဒေါ်လာနှစ်ရာသုံးရာမျှခံစားရလေသည်။

စာဖတ်သူ မည်သို့သဘောရပါသနည်း။ ငါလည်း အလားတူကြုံခဲ့ဖူးတာပဲဟု တွေးနေမိပါသလား။

မှန်ပါသည်။ ကျွန်တော်တို့အားလုံးပင် သည်သဘောမျိုး ကြုံခဲ့ရဖူးပါသည်။ သည်အတွေ့အကြုံတွေသည် သင်တို့ ကျွန်တော်တို့ ရည်မှန်းချက်တွေ စိတ်ကူးယဉ်အိမ်မက်တွေ အားလုံးကို ထုချေဖျက်ဆီးပစ်သည့် အတွေ့အကြုံများပဲ ဖြစ်ပါသည်။ အစွမ်းကုန် ကြိုးစားခဲ့သည့်ကြားက နာလန်မထူနိုင်အောင် ရိုက်ချိုးခံလိုက်ရသည့်အခါ နောက်ထပ်ကြိုးစားချင်စိတ် မရှိတော့လောက်အောင် စိတ်ဓာတ်ကျဆင်းသွားရပေသည်။

နောက်ပိုင်း၌ ကျွန်တော်သည် အာမခံကိုယ်စားလှယ်တစ်ဦးအဖြစ်အချိန်ပိုင်း လုပ်ကိုင်ရင်း အောင်မြင်မှု အတန်အသင့် ရရှိခံစားခဲ့ရပါသည်။ သို့သော် အေ၊ အယ်လ်၊ ဝီလျံ(စ) ကုမ္ပဏီကို တည်ထောင်မည် ကြံစည်သောအခါ၌မူ အနှောက်အယှက် အဟန့်အတားတွေကို ကျွန်တော် မယုံနိုင်လောက်အောင်ပင် အဆမတန်ကြုံလာရပြန်သည်။

ကျွန်တော်တို့ အရောင်းလုပ်ငန်းကို တွဲကိုင်ပေးမည့် ကုမ္ပဏီတစ်ခုလိုက်ရှာစဉ်က အဖြစ်အပျက်တစ်ခုကိုပြောပါမည်။ အာမခံကုမ္ပဏီအကြီးအကဲများနှင့် ကျွန်တော်တွေ့ဆုံစကားပြောခွင့်ရရန် ကြိုးစားသည်။ မအောင်မြင်။ သူတို့နှင် တွေ့ခွင့်ရရေးမှာ မလွယ်ကူ။ သို့သော် တစ်ကြိမ်တွင်တော့ ဘော်စတွန်မြို့ရှိ နာမည်ကြီး ကုမ္ပဏီတစ်ခုမှ အကြီးအကဲနှင့် တွေ့ဆုံခွင့်ရသည်။ စကားပြောရသည်မှာ သိပ်မဆိုးလှ။ ကျွန်တော် အတော်လေး အားတက်သွားသည်။ များမကြာမီ ၎င်းပုဂ္ဂိုလ်ကြီးသည် အတ္တလန်တာမြို့သို့ ရောက်ရှိနေစဉ် ကျွန်တော်နှင့်တွေ့ချင်ပါသည်ဟု ဆက်သွယ်အကြောင်းကြားသည်။ ကျွန်တော်တို့ လုပ်ငန်းကို သူ့ကုမ္ပဏီက ကိုင်ပေးရန် လက်ခံလိုက်ပြီဟူသောသတင်းကို ပြောကြားရန် ခေါ်ခြင်းဖြစ်မည်ဟု ယူဆပြီး ကျွန်တော် အတော်ပင် ဝမ်းသာအားရဖြစ်သွားသည်။ မြို့လယ်ကောင်ရှိ ပိခ်ျထရီး ပလာဇာ ဟိုတယ်တွင် သူနှင့်အတူ ညစာစားရင်း စကားပြောရသည်။

အာလာပ သလ္လာပ ပြောပြီးနောက် သူက ကျွန်တော့်မျက်နှာကို စေ့စေ့ကြည့်ကာ

'ဒီမှာ အာ့တ်၊ ကိုယ်သေသေချာချာ စဉ်းစားကြည့်ပြီးပြီ၊ မောင်ရင့် အစီအစဉ် ဘယ်လိုမှ အောင်မြင်မှာ မဟုတ်ဘူး' ဟူ၍ ပြောချလိုက်သည်။

သူ ကျွန်တော်ကို တမင်တကာ မညှာမတာလုပ်လိုက်ခြင်းဖြစ်သည်။ သူရည်ရွယ်သည့်အတိုင်း ကျွန်တော်ကလည်း အထိနာသွားခဲ့သည်။ ချက်ချင်းအိမ်ပြန်ပြေးကာ ဘယ်သူနှင့်မျှ အတွေ့မခံဘဲ တံခါးအလုံပိတ်ပြီးသာ နေလိုက်ချင်တော့သလို ခံစားလိုက်မိသည်။

သို့သော် ဒါက ထိုအခိုက်အတန့် ခံစားမှုဖြစ်သည်။

တကယ်တမ်း ကျွန်တော် အလျှော့မပေးခဲ့ပါ။ စင်စစ်ထိုပုဂ္ဂိုလ်၏ အပြုအမူကပင် ကျွန်တော့်အား ဒီအလုပ်ကို အောင်မြင်အောင် လုပ်ပြမယ်ဟူ၍ ခိုင်မာပြတ်သားစိတ်ဝင်အောင် လုပ်ပေးလိုက်သလို ဖြစ်သွားခဲ့သည်။ အခြားသူတစ်ယောက်၏ ကျွန်တော့်အပေါ်ရှုမြင်ပုံ ကျွန်တော်စိတ်ကူများအပေါ် ရှုမြင်ပုံများကြောင့်ကား ကျွန်တော်ဘယ်တော့မျှ လက်မြှောက်အရှုံးပေးမည် မဟုတ်ဟူ၍ ကျွန်တော်စိတ်တွင် ပြတ်သားစွာ ဆုံးဖြတ်လိုက်မိသည်။

1 comments:

Zatlite said...

ဂရဗာတား တက်စ်