*#- ဒီစာအုပ်ဖတ်ရင်း မြန်မာစာရိုက်နည်း ကျင့်နေခြင်း ဖြစ်ပါသည်။ -#*
ကြာသာပတေး ၁၀ ၂၀၀၇
စချိန် = ညနေ ၆း၄၄
ဆုံးချိန် = ညနေ ၉း၄၅
စာမျက်နှာ = ၁ - ၎

ချုံကြားမှ ဘုံဖျားသို့
ဖေမြင့်

ထိပ်ဆုံးသို့ ရောက်ခဲ့သူတစ်ယောက်၏ အောင်မြင်ကြီးပွားရေးဆိုင်ရာ မဟာဗျူဟာ နည်းဗျူဟာများနှင့် လက်တွေ့ဘဝသင်ခန်းစာများ

အမှာစကား

လူ့ဘဝဟူသည် တိုတောင်းလှ၏ ဟု ဆိုသူတွေ ဆိုကြ၏။

မတင်းတိမ်နိုင်သော သဘောဖြင့် ဆိုကြခြင်း ဖြစ်ပါသည်။ စင်စစ်နှစ်ပေါင်း ၇၀၊ ၈၀၊ ၁၀၀ နေရသော သက်တမ်းတစ်ခုသည် မတိုပါ။ သည်ကာလကို ထိရောက်စွာ အသုံးချလျှင် ဘာမဆို ဖြစ်လာနိုင်ပါသည်။

ဘဝကို မည်မျှ နိမ့်ပါးနုံချာသော အခြေအနေမျိုးမှ စတင်ခဲ့ရသည် ဖြစ်ပါစေ၊ ရည်မှန်းချက်ရှိမည်၊ ဥာဏ်အမျှော်အမြင် ရှိမည်၊ မလျှော့သော ဇွဲ လုံ့လ ရှိမည်ဆိုက တစ်သက်တာ ဘဝ အပြီးသတ်ချိန်၌ အမြင့်မားဆုံး ထိပ်ဆုံးနေရာကို ရရှိနိုင်ပါသည်။

သည်လို ရရှိသွားခဲ့သူတွေလည်း သမိုင်းတစ်လျှောက် အမြောက်အမြားရှိသည်။ အထွတ်အထိတ်သို့ ရောက်ရှိကြသူတွေ၏ အတ္ထုပ္ပတ္တိများကို လှန်လှောကြည့်လျှင် 'ချုံကြားမှ ဘုံဖျားသို့' တက်လာနိုင်ခဲ့သူတွေ များပြားလှကြောင်း တွေ့ရှိရလိမ့်မည်။

သည်လိုတက်လာနိုင်ခွင့်သည် ပါရမီ ထူးသူတချို့သာ ရရှိနိုင်သည့် မဟာအခွင့်အရေးမဟုတ်။ ဘုံဖျားသို့ တက်လာသော လှေကားသည် အထူးပုဂ္ဂိုလ်များအတွက် သီးသန့် ကန့်သတ်ထားသည့် လှေကားမဟုတ်။ လူတိုင်းတက်နိုင်သည့် လှေကား၊ လူတိုင်းအတွက် ဖွင့်ထားသည့် အခွင့်အရေး တံခါးသာ ဖြစ်သည်။

သင်သည် စီးပွားရေးနယ်ပယ်တွင် အောင်မြင်ကြီးပွားချင်သလား၊ အနုပညာသမားအဖြစ် ထင်ပေါ်ကျော်ကြားချင်သလား၊ လူမှုရေးနယ်ပယ်တွင် လွှမ်းမိုးတွင်ကျယ်ချင်သလား၊ ထူးခြားပြောင်မြောက်သော နိုင်ငံရေးသမား တစ်ယောက်အဖြစ် အထွတ်အထိပ်သို့ ရောင်ချင် ပါသလား။

ဘယ်အရာမဆို ဖြစ်လာနိုင်ခွင့် သင့်မှာ ရှိနေသည်။

အရေးကြီးသည်က အထက်တွင် ဆိုခဲ့သည့် ရည်မှန်းချက်၊ ဉာဏ်အမြော်အမြင်နှင့် ဇွဲလုံ့လ ဖြစ်သည်။

ရှေးဦးစွာ သင့်ကိုယ်သင် သာမန် အနုညာတ ဘဝမျှနှင့် မတင်းတိမ်လိုသော ဆန္ဒ ရှိရမည်၊ (ဝါ) ပီပြင်ပြောင်မြောက်သော ဘဝတစ်ခု တည်ဆောက်မည် ဟူသောရည်မှန်းချက် ရှိရမည်။

ဒုတိယ၊ ထိုသို့သော ဘဝတစ်ခု အောင်မြင်စွာ တည်ဆောက်နိုင်ရေး အတွက် အဆင့်ဆင့် ဆောင်ရွက်သွားစရာ လုပ်ငန်းအစီအစဉ်များ စနစ်တကျ ချမှတ်တတ်ရမည်။

တတိယ၊ အမြော်မြင်ရှိစွာ ချမှတ်ထားသည့် ယင်းလုပ်ငန်းအစီအစဉ်များကို မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ရေရှည် စွဲမြဲစွာ အကောင်အထည် ဖော်ရဲရမည်။

သည်အတိုင်း လုပ်နိုင်လျှင် သင်သည် 'ပုဂ္ဂိုလ်ထူး' တစ်ယောက် မုချဖြစ်လာရလိမ့်မည်။

* * *

ဤစာအုပ် မူရင်းကို ရေးသားသူ အာ့တ် ဝီလျံ(စ) (Arthur Lynch Williams) သည် ကိုယ်တိုင်အပင် ချုံကြားမှ ဘုံဖျားသို့ တက်လာနိုင်ခဲ့သူ ပုဂ္ဂိုလ်ထူး တစ်ဦးဖြစ်သည်။

သူ့အကြောင်း အကျဉ်းကလေးပြောပါမည်။

အာ့တ် ဝီလျံ(စ) သည် မူလက အထက်တန်းကျောင်း ဘောလုံးနည်းပြ တစ်ယောက် ဖြစ်သည်။ ထိုအလုပ်တွင် သူ ထူးချွန်ပါသည်။ သို့သော် ထိုအလုပ်မှ ရသည့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၁၀,၀၀၀ ခန့််သည် သူ့အတွက် မာတုန်းသာတုန်းသာ လုံလောက်သည်။ မမာရေး မကျန်းရေး ကြုံလျှင် ဒုက္ခရောက်သည်။ သားသမီးများ ပညာရေး၊ မိအို ဖအိုများ စောင့်ရှောက်ရေး စသည်တို့ကို တွေးကြည့်လျှင် သူ့ဘဝသည် ရင်လေးစရာ။

သို့နှင့် ခရီး တစ်ဝက်တစ်ပျက်မှာပင် သူ့ဘဝ လမ်းကြောင်းကို ပြောင်းလဲပစ်ရန် ဝီလျံ(စ) ဆုံးဖြတ်သည်။ သူ့မူလ ဆုံးဖြတ်ချက်က ရိုးစင်းသည်။ ရှင်းသည်။

ငွေကြေးအတွက် တွေးပူစရာ မလိုသော ဘဝတစ်ခု သူတည်ဆောက်မည်။ ဒါပဲ။

၁၉၇၇ ခုနှစ်တွင် ဝီလျံ(စ) သည် မိမိနည်းတူ ဘဝရှေ့ရေး စိတ်အေးလိုသူ ၈၅ဦးကို စည်းရုံးစုစည်းကာ အသက်အာမခံကုမ္မဏီတစ်ခု စတင်ထူထောင်သည်။

၁၉၈၈ ခုနှစ်တွင် ဝီလျံ(စ) သည် ကုဋ္ဋေကြွယ်သူဌေး ဖြစ်လာသည်။ သူ့လုပ်ဖော်ကိုင်ဘက်တွေ အားလုံးလိုပင် သန်းကြွယ်သူဌေးများ ဖြစ်လာကြသည်။ သူ့ ကုမ္မဏီသို့ ဝင်ရောက်ပူးပေါင်းလုပ်ကိုင်ကြသူများထဲတွင် နှစ်စဉ် ဒေါ်လာ သိန်းဂဏန်းရှိသူ ဦးရေက ငါးရာကျော်နေပြီ။

မျက်လှည့်ပြလိုက်သလို ဝီလျံ(စ) အောင်မြင်ကြီးပွားသွားခြင်းသည် အဘယ်ကြောင့်နည်း။

အောင်မြင်ရေးဆိုင်ရာ သဘာဝတရားများကို သူ၏ ကိုယ်ပိုင်အတွေ့အကြုံနှင့် ယှဉ်ကာ စိတ်ဝင်စား အားတတ်ဖွယ် စီစဉ်ရေးသား ထားသည့် ဤစာအုပ်၌ အဖြေကို တွေ့နိုင်သည်။

ဤစာအုပ်တွင် အသားလွတ် မြှောက်ပေးသော စကားများကိုကြားရလိမ့်မည် မဟုတ်။ ကြီးမားသော အခက်အခဲ အဟန့်အတားများကြားမှ ထမြောက်အောင်မြင်အောင် ကြိုးပမ်းခဲ့ကြသည့် ကျားကုတ်ကျားခဲသမားတို့၏ ဇွဲနပဲနှင့် လုပ်ရည်ကိုင်ရည်များကိုသာ အားကျအတုယူဖွယ်မြင်တွေ့ရမည် ဖြစ်သည်။

* * *

သင်သည် မည်သည့်နယ်ပယ်၌ အောင်ပွဲခံရန် ရည်မှန်းထားပါသလဲ။

စီးပွားရေး လောကကို သူ၏ ဘဝတိုက်ပွဲ ဆင်နွှဲအောင်မြင်ရာ စစ်မြေပြင်အဖြစ် ထင်ဟပ်တင်ပြထားသည့် ဝီလျံ(စ) ၏ မဟာဗျူဟာ နည်းဗျူဟာများသည် သင့်အတွက် သင်ရွေးချယ်ထားသော နယ်ပယ်တွင် အောင်ပွဲခံရန် နည်းလမ်းကောင်း အကြံဉာဏ်ကောင်းများအဖြစ် ထိထိရောက်ရောက် အထောက်အကူ ပြုပါလိမ့်မည်။

သူ အလေးအနက် ပြောတာ တစ်ခုတော့ ရှိသည်။

ဇွဲနပဲ။

သူကတော့ 'အစွမ်းကုန်' ဆိုသောစကားကို သုံးသည်။

သူ့မူရင်းစာအုပ် အမည်ကပင် 'သင့်အစွမ်းရှိသမျှသာ သင်လုပ်နိုင်ပါမည်၊ သိုသော် ထိုအစွမ်းရှိသမျှသည်ပင် လုံလောက်ပါသည်' ဟူ၍ ဖြစ်သည်။

ဘာလုံလောက်သနည်း။

အထွတ်အထိပ်သို့ ရောက်ရန် လုံလောက်သည်ဟု ဆိုခြင်း ဖြစ်ပါသည်။

ဖတ်ကြည့်ပါ။

ပြီးလျှင် လုပ်ကြည့်ပါ။

တိုတောင်းသည်ဆိုသော ဘဝကိုပင် ကြီးကျယ်ခမ်းနားအောင် သင်တည်ဆောက်နိုင်ပါလိမ့်မည်။

ဖေမြင့်

0 comments: